What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 24 August 2021 00:16

ထိုင်ဝမ်မှာ ပြည်တွင်းထုတ် ကိုဗစ်ဆေး စထိုး

ထိုင်ဝမ်မှာ ပထမဆုံး ပြည်တွင်းထုတ် ကိုဗစ် ကာကွယ်ဆေးကို စထိုးပေးနေပါပြီ။

ဒီဆေးကို တက်သုတ်ရိုက် ခွင့်ပြုတာမျိုး မလုပ်ဖို့ ဝိုင်းပြောနေတဲ့ကြားကနေ အခုလို ဆေးထိုးမှုတွေ စလုပ်ခဲ့တာပါ။

စမ်းသပ်မှုတွေ အပြည့်အဝ လုပ်ဆောင်ဖို့ ကျန်နေသေးပေမဲ့ အဲဒီ "မက်ဒီဂျန်" ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ် သုံးဖို့ ထိုင်ဝမ် ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့လက ခွင့်ပြုခဲ့တာပါ။

ကိုဗစ်ကာကွယ်ဆေး ပို့ဆောင်မှု နှောင့်နှေးတာရယ်၊ လူထုအကြား ကာကွယ်ဆေးထိုးဖို့ ဝန်လေးနေကြတာရယ်ကြောင့် ထိုင်ဝမ်မှာ ကိုဗစ်ကာကွယ်ဆေးထိုးရေး စီမံကိန်းက အဟန့်အတား ဖြစ်နေခဲ့ပါတယ်။

ဒီကနေ့ တနင်္လာနေ့မှာတော့ ထိုင်ဝမ်ထုတ် မက်ဒီဂျန် ကာကွယ်ဆေးကို သမ္မတ ဆိုင်ယင်ဝမ် ကိုယ်တိုင် ဦးဆောင်ပြီး အထိုးခံခဲ့ပါတယ်။

Medigen Vaccine Biologics ကုမ္ပဏီက ထုတ်တဲ့ အဲဒီ မက်ဒီဂျန် ကာကွယ်ဆေးကို အဆင့် ၃ ဆင့် စမ်းသပ်မှု အပြီးမသတ်ရသေးပေမဲ့ ထိုင်ဝမ် ဆေးဝါး စည်းမျဉ်းရေးဆွဲသူတွေက ဒီဆေးကို အရေးပေါ်သုံးခွင့် ပြုခဲ့တာပါ။

မက်ဒီဂျန် ကာကွယ်ဆေးဟာ လုံခြုံစိတ်ချရမှုနဲ့ ပတ်သက်လို့ ကြီးကြီးမားမား စိုးရိမ်စရာ မရှိဘဲ ဒီဆေးက ထုတ်တဲ့ ပဋိပစ္စည်းဟာ အက်စထရာ ဇနက်ကာ ကာကွယ်ဆေးက ထုတ်တဲ့ ပဋိပစ္စည်းလောက် မဆိုးဘူး ဆိုတာ လေ့လာချက်တွေက ဖော်ပြနေတယ်လို့ အဲဒီဆေးကုမ္ပဏီက ပြောပါတယ်။

ပါရာဂွေးနိုင်ငံမှာ လုပ်နေတဲ့ မက်ဒီဂျန် ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုကို အခုနှစ်နှောင်းပိုင်းမှာ အပြီးသတ်မယ်လို့ မျှော်လင့်ရပါတယ်။

တရုတ်ဘာသာအရ အရည်အသွေးမြင့်ပစ္စည်း လို့ အဓိပ္ပာယ် ရတဲ့ မက်ဒီဂျန် ကာကွယ်ဆေးဟာ ပရိုတိန် ပေါင်းစပ် ကာကွယ်ဆေးတစ်မျိုး ဖြစ်ပြီး Novavax ဆေးကုမ္ပဏီက ထုတ်တဲ့ ကာကွယ်ဆေးနဲ့ အလားတူပါတယ်။

Novavax ကာကွယ်ဆေးဟာ ကိုယ်ခံအားစနစ်ကို နိုးကြွလာအောင် ဗိုင်းရပ်စ်ရဲ့ ပရိုတိန်းတချို့ကို ပြန်လည်ဖန်တီးယူတဲ့ ရှေးရိုးနည်းမျိုးကို ပိုသုံးပြီး ဖော်စပ်ထားတာပါ။

"စမ်းသပ်မှုတွေ အများကြီး လုပ်ထားပါတယ်၊ ကျွန်တော်တို့ရဲ့ ကာကွယ်ဆေးက ဘယ်လောက်တောင် စိတ်ချရသလဲ ဆိုတာကို လူတိုင်း တွေ့ထားပြီးပါပြီ၊ ဘေးထွက်ဆိုးကျိုးက အရမ်းနည်းပါတယ်။ ဖျားတာနာတာမျိုး မရှိသလောက်ပါပဲ၊ ဒီတော့ လူတိုင်း စိတ်ချလက်ချ ထိုးနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ မက်ဒီဂျန် ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ချားလ်စ် ချန်း က ရိုက်တာစ် သတင်းဌာနကို ပြောပါတယ်။

ဒါပေမဲ့လည်း ဒီကာကွယ်ဆေးကို တရားဝင် စထိုးပေးလိုက်တာနဲ့ ပတ်သက်လို့ ဝေဖန်စွပ်စွဲမှုတွေ အကြီးအကျယ် ပေါ်ထွက်လာခဲ့ပါတယ်။ အထူးသဖြင့် အဓိက အတိုက်အခံပါတီဖြစ်တဲ့ ကူမင်တန် (KMT) ပါတီက ဒီဆေးဟာ စိတ်မချရဘူး ဒါမှမဟုတ် စျေးကွက်ထဲ ခွင့်ပြုလိုက်တာဟာ အလျင်စလို နိုင်လွန်းတယ် ဆိုပြီး ပြောနေကြပါတယ်။

စမ်းသပ်မှု မလုံလောက်တာကြောင့် ဒီကာကွယ်ဆေးကို အရေးပေါ် သုံးခွင့်ပြုတာကို ပြန်ရုပ်သိမ်းပေးဖို့ ပါတီရဲ့ အထင်ကရ ပုဂ္ဂိုလ် နှစ်ဦးက တရားရုံးတစ်ခုကို ချဉ်းကပ်ခဲ့ပါတယ်။ ထိုင်ဝမ်ပြည်သူတွေကို ဓာတ်ခွဲခန်းထဲက ကြွက်ဖြူလေးတွေလို စမ်းသပ်ဖို့ မသင့်ဘူးလို့ အဲဒီပါတီဝင်တစ်ဦးက ပြောပါတယ်။

ထိုင်ဝမ်မှာ မိုဒါနားနဲ့ အက်စထရာဇနက်ကာ ကာကွယ်ဆေးတွေ ထိုးပေးနေတာပါ။ ဒါပေမဲ့ သမ္မတ ဆိုင်ယင်ဝမ်က မက်ဒီဂျန် ကာကွယ်ဆေး ရတဲ့အထိ စောင့်ပြီးမှ ထိုးခဲ့တာပါ။

ထိုင်ဝမ်သမ္မတ ဆိုင်ယင်ဝမ် က သူ မက်ဒီဂျန် ကာကွယ်ဆေး ထိုးတာကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ တိုက်ရိုက် ထုတ်လွှင့်ပြခဲ့ပါတယ်။ သူကြောက်နေသလားလို့ မေးတဲ့အခါ လုံးဝ မကြောက်ဘူးလို့ ပြန်ဖြေခဲ့ပါတယ်။

မက်ဒီဂျန် ကာကွယ်ဆေးထိုးဖို့ လူ ၇ သိန်းကျော် စာရင်းပေးထားပြီး ဖြစ်ပါတယ်။ ဒီဆေးကို ပထမအကြိမ်နဲ့ ဒုတိယအကြိမ် ၂၈ ရက်ခြားပြီး ထိုးရမှာပါ။

ထိုင်ဝမ်မှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုက တစ်နေ့ကို ၁၀ ယောက်နှုန်းလောက် ရှိပြီး ကိုဗစ်ရောဂါ ထိန်းချုပ်ရာမှာ အအောင်မြင်ဆုံးနိုင်ငံတစ်ခု အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မေလတုန်းက ဖြစ်ခဲ့တဲ့ ကူးစက်ဖြစ်ပွားမှုတစ်ခုကြောင့် ကူးစက်မြန် ဒယ်လ်တာပိုး ရောက်နေပြီလားဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ဆေး ၅ သန်းလောက် မှာယူထားခဲ့ပေမဲ့ ကာကွယ်ဆေးထိုးဖို့ ဘယ်သူ့ကိုမှ အတင်းအဓမ္မ တိုက်တွန်းမှာ မဟုတ်ဘူးလို့ ထိုင်ဝမ်အစိုးရက ပြောပါတယ်။

ထိုင်ဝမ်မှာ လူဦးရေ ၂၃ သန်းခွဲရဲ့ ၅ ရာခိုင်နှုန်းအောက်သာ ကိုဗစ် ကာကွယ်ဆေး အပြည့်အ၀ ထိုးထားရသေးပြီး ၄၀ ရာခိုင်နှုန်းလောက်က ကာကွယ်ဆေး ပထမအကြိမ်သာ ထိုးရပါသေးတယ်။

ဘီဘီစီ

Read times
Rate this item
(0 votes)