What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 13 October 2021 22:34

COVID-19 ရောဂါကာကွယ်ဆေးများ အောက်တိုဘာလအတွင်း ၁၀ သန်းနှင့် နိုဝင်ဘာတွင် လေးသန်း ထပ်မံရောက်ရှိမည်

COVID-19 ရောဂါ ကာကွယ်ဆေးများ အောက်တိုဘာလအတွင်း ၁၀ သန်းနှင့် နိုဝင်ဘာတွင် လေးသန်း ထပ်မံရောက်ရှိရန်ရှိပြီး

လူဦးရေ ၁၂ သန်းကို အမြန်ဆုံးထိုးနှံရန် စီစဉ်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

“အရင်တုန်းက အိန္ဒိယနိုင်ငံက ကာကွယ်ဆေး သန်း ၃၀ ဝယ်ယူတယ်။ အားလုံးသိတဲ့အတိုင်း နှစ်သန်းပဲရရှိပါတယ်။ အိန္ဒိယမှာ ရောဂါဖြစ်ပွားမှုတွေများတဲ့အတွက် ကာကွယ်ဆေးထိုးနှံမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေရတယ်။ ပြည်ပနိုင်ငံတွေကို ပေးပို့နိုင်ခြင်းမရှိဘူး။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံက ကာကွယ်ဆေးရရှိနိုင်မှု နည်းသွားပါတယ်။ အခုအချိန်မှာ ကာကွယ်ဆေးတွေကို တရုတ်နိုင်ငံက ဝယ်ယူတယ်။ ရုရှားက ဝယ်ယူတယ်။ ဒီကာကွယ်ဆေးတွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးတွေဖြစ်ပြီး လက်ရှိမှာ ထိုးနှံပေးနေတယ်။ အောက်တိုဘာလမှာ ၁၀ သန်း၊ နိုဝင်ဘာလမှာ လေးသန်းရောက်ဖို့ရှိတယ်ဆိုတော့ လူဦးရေ ၁၂ သန်းကို အမြန်ဆုံးထိုးနှံပေးဖို့ ရည်ရွယ်ထားပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဝယ်ယူထားသည့် Sinopharm COVID-19 ကာကွယ်ဆေးလေးသန်း အောက်တိုဘာ ၂ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ဝယ်ယူချုပ်ဆိုထားသည့် ၂၄ သန်းတွင် လက်ရှိ၌ စုစုပေါင်း ၁၂ သန်း ရောက်ရှိပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာ၂၆ ရက်အထိ ကာကွယ်ဆေး ရောက်ရှိမှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသော COVISHIELD နှစ်သန်း၊ Sinopharm ၁၀ သန်း၊ Sinovac နှစ်သန်း စုစုပေါင်း ၁၄ သန်း Doses ရောက်ရှိပြီးဖြစ်ကြောင်း သိရသည်။

ရောက်ရှိလာသော ကာကွယ်ဆေးများကို မူလဦးတည်အုပ်စုများနှင့် ထပ်မံတိုးချဲ့ထားသော ဦးတည်အုပ်စုများအား ဦးစားပေးအစီအစဉ်များအလိုက် ထည့်သွင်းထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် ယခုနှစ်ကုန်တွင် ရာခိုင်နှုန်း ၅၀ အထိ ထိုးနှံနိုင်ရန် စီစဉ်ထားကြောင်းနှင့် ၂၀၂၂ ခုနှစ် နှစ်လယ်တွင် ရာခိုင်နှုန်း ၇၀ ထိုးနှံနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။


မြန်မာနိုင်ငံ၌ အောက်တိုဘာ ၁၀ ရက်အထိ COVID-19 ကာကွယ်ဆေးထိုးနှံ ပြီးစီးမှုအနေဖြင့်နှစ်ကြိမ် အပြည့်ထိုးနှံပြီးသူ ၄ ဒသမ ၁၁ သန်း (၁၁ ဒသမ ၁၄ ရာခိုင်နှုန်း) ၊ တစ်ကြိမ်ထိုးပြီးသူ ၅ ဒသမ ၇၉ သန်း (၁၅ ဒသမ ၆၉ ရာခိုင်နှုန်း) နှင့် ကာကွယ်ဆေးထိုးပြီးသူ စုစုပေါင်း ၉ ဒသမ ၉ သန်း (၂၆ ဒသမ ၈၃ ရာခိုင်နှုန်း) ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံက ဝယ်ယူထားသည့် Covishield ကာကွယ်ဆေးများကို အိန္ဒိယနိုင်ငံဘက်က အချိန်မီ မတင်ပို့နိုင်သည့်အချိန်တွင် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့မှ ကာကွယ်ဆေးများရရှိနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် ကာကွယ်ဆေးများထိုးနှံပြီးသည့် အချိန်တွင်လည်း နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်းစသည့် ကာကွယ်ရေး နည်းလမ်းများကိုလည်း ဆက်လက်လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

https://news-eleven.com/

 

 

 

Read times
Rate this item
(0 votes)