What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 19 March 2020 13:12

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ စောင့်ကြည့်လူနာ ၃ ဦးထပ်မံ သေဆုံး

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ စောင့်ကြည့်လူနာတွေထဲက လူနာ ၃ ဦးထပ်မံ သေဆုံးသွားတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ်လ ၁၈ ရက်ညက ထုတ်ပြန်ပါတယ်။

သေဆုံးလူနာ ၃ ဦးဟာ မကွေးဆေးရုံမှာ ကုသပေးနေတဲ့ မြို့သစ်မြို့နယ်က အသက် ၉ လသားအရွယ်ကလေးငယ်တဦး၊ ကျိုင်းတုံဆေးရုံမှာ ကုသပေးနေတဲ့ ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့နယ်က အသက် ၃၀ အရွယ်အမျိုးသား တဦးနဲ့ မြောက်ဥက္ကလာဆေးရုံမှာ စောင့်ကြည်ကုသပေးနေတဲ့ မင်္ဂလာဒုံမြို့နယ်က အသက် ၄၀ အရွယ် မျိုးသားတဦးတို့ဖြစ်ပါတယ်။

 

အဆိုပါလူနာ ၃ ဦးဟာ ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးတာမဟုတ်ဘဲ တခြားရောဂါတွေနဲ့ သေဆုံးသွားတာလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်မှာ နေထိုင်တဲ့ အသက် (၉) လအရွယ်၊ ကလေးငယ်တစ်ဦးဟာ မတ်လ ၁၃ ရက်က စပြီး အော့အန်၊ ဝမ်းလျှော၊ အပြင်းဖျား၊ မှိန်းခြင်း စတဲ့ လက္ခဏာတွေ ခံစားခဲ့ရလို့ ပြင်ပဆေးခန်းမှာ သွားရောက် ပြသခဲ့ပေမယ့် ရောဂါမသက်သာလို့ မတ်လ ၁၇ ရက်မှာ တောင်တွင်းကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရပြီးနောက် မကွေးပြည်သူ့ ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ကုသပေးနေစဉ် ည ၁၀ နာရီလောက်မှာ သေဆုံးသွားခဲ့တာပါ။

 

ကနဦးသုံးသပ်ချက်တွေအရ ကလေးငယ် သေဆုံးရတဲ့ အကြောင်းရင်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကို စောစီးစွာ ကုသမှုမခံယူခဲ့လို့ အလွန်အမင်းရေဓာတ်ခမ်းခြောက်ပြီး သွေးပေါင်ချိန် ကျဆင်းကာ သေဆုံးရတာလို့ ကျန်းမာရေးဌာနက ဆိုပါတယ်။ အလားတူ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ပြီး ကျိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးနေတဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ် မြို့နယ်က အသက် (၃၀) နှစ် အရွယ်အမျိုးသားတစ်ဦးဟာလည်း ဖျားနာ၊ ချောင်းဆိုး၊ သွေးပါစတဲ့ ရောဂါ လက္ခဏာတွေနဲ့ မတ်လ ၁၄ ရက်ကစပြီး အတွင်းလူနာအဖြစ် တတ်ရောက် ကုသမှုခံယူခဲ့ရာမှာ မတ်လ ၁၇ ရက် ည ၉ နာရီခွဲမှာသေဆုံးသွားပါတယ်။

 

လူနာသေဆုံးရတဲ့ အကြောင်းရင်းမှာကတော့ ကနဦးသုံးသပ် စစ်ဆေးချက်တွေအရ လူနာဟာ နာတာရှည် ရောဂါအခံဖြစ်တဲ့ နှလုံးကြီးခြင်း၊ သွေးတွင်း သကြားဓာတ် အလွန်အမင်းမြင့်မားခြင်းနဲ့ သွေးတွင်းပိုတက်စီယမ်ဓာတ် အလွန်အမင်းကျဆင်းခြင်းတို့အပြင် အဆုတ်ရောင်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် သေဆုံးရတာဖြစ်နိုင်တယ်လို့ ကျန်းမာရေးဌာနက သုံးသပ်ထားပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှာ နေထိုင်တဲ့ အသက် (၄၀) နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှူ ခက်ခဲတဲ့လက္ခဏာတွေနဲ့ မတ်လ ၁၇ ရက်က မြောက်ဥက္ကလာပ သင်ကြားရေးနှင့် အထွေထွေရောဂါကုဆေးရုံကြီးမှာ စောင့်ကြည့် လူနာအဖြစ်သတ်မှတ်ကုသပေးနေစဉ် မတ်လ ၁၇ ရက် ည ၉နာရီခွဲက သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

 

အဆိုပါလူနာဟာ မွေးရာပါ ရောဂါအခံ (Down’s Syndrome) ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကနဦးသုံးသပ်ချက်နဲ့ စစ်ဆေးချက်အရ သွေးတွင်း သွေးဖြူဥ အလွန်အမင်းမြင့်မားပြီး သွေးဆိပ်တက်ခြင်းနဲ့ အဆုတ်ရောင် ခြင်း လက္ခဏာများကြောင့် သေဆုံးရတာလို့ ဆိုပါတယ်။

 

အဆိုပါလူနာ ၃ ဦးကို ဓာတ်ခွဲနမူနာ ရယူပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မြို့သို့ ပေးပို့စစ်ဆေး ခဲ့ရာမှာ မတ်လ ၁၈ ရက် ညနေပိုင်း ၊ ညနေပိုင်း ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး မတွေ့ရှိရဘူးလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

 

မတ်လ ၁၇ ရက် ညနေ ၆နာရီမှ မတ်လ ၁၈ ရက် ညနေ ၆ နာရီအထိ စောင့်ကြည့်လူနာအသစ် (၁၃) ဦး ရှိပြီး သက်ဆိုင်ရာ ဆေးရုံတွေမှာ စောင့်ကြပ်ကြည့်ရှုကုသပေး နေတယ်လို့ သိရပါတယ်။

DVB

Read times
Rate this item
(2 votes)