What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 16 December 2020 12:16

ရောဂါလက္ခဏာနှင့်ရောဂါအခံ မရှိဘဲ သင့်တော်သည့် အိမ်အခြေအနေရှိသူအချို့အား နေအိမ်တွင်သာ ဆက်လက်၍ သီးခြားထားသွားရန် ကျန်းမာရေး ဝန်ကြီး ပြောကြား

COVID-19 ကုသရေးဌာနများတွင် တက်ရောက်နေသော COVID-19 ပိုးတွေ့လူနာများအနက် ရောဂါလက္ခဏာနှင့် ရောဂါအခံများလည်းမရှိဘဲ

 

သင့်တော်သည့် အိမ်အခြေအနေရှိသောသူအချို့အား COVID-19 ကုသရေးဌာနတွင် ရက်အတိုင်းအတာတစ်ခုထားရှိပြီးနောက် နေအိမ်တွင်သာ ဆက်လက်၍ သီးခြားထားရှိခြင်း (home isolation) ပြုလုပ်သွားနိုင်ရန် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19 ကုသရေးဌာနများ၏ စီမံခန့်ခွဲအုပ်ချုပ်မှု တာဝန်ခံဆရာဝန်ကြီးများနှင့် Videoconferencing စနစ်ဖြင့် ဒီဇင်ဘာ ၁၅ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၎င်းတို့အား Video call စနစ်ဖြင့် ပုံမှန် ဆက်သွယ်ကာ ရောဂါအခြေအနေ စောင့်ကြပ်ကြည့်ရှုသွားရန် အကြံပြုခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ပါမောက္ခဆရာဝန်ကြီးများ ပူးပေါင်းဆွေးနွေးပြီး ကနဦး ရှေ့ပြေးစမ်းသပ်မှု (pilot) ပုံစံဖြင့် စတင်ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ လူနာနှင့် လူနာမိသားစုများ၏ စည်းကမ်းလိုက်နာမှုအခြေအနေအား စောင့်ကြပ်ကြည့်ရှုရန်အတွက် သက်ဆိုင်ရာ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပြီး လူနာ၏ ရောဂါအခြေအနေအား စောင့်ကြပ်ကြည့်ရှုရန်အတွက် မြို့နယ်ဆရာဝန်မှ ဦးစီးတာဝန်ယူဆောင်ရွက် စေလိုကြောင်း ၊ COVID-19 သည် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် လျင်မြန်စွာ ကူးစက်သဖြင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အချိန်နှင့် တစ်ပြေးညီ ဆုံးဖြတ်ချက်ချရန် လိုအပ်ကြောင်း၊ ဆုံးဖြတ်ချက် နောက်ကျပါက များစွာ သော နောက်ဆက်တွဲဆိုးကျိုးများ ရနိုင်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

 

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူများအနေဖြင့် မိမိပတ်ဝန်းကျင်၌ အထူးသဖြင့် ဈေးများ၊ စက်ရုံ အလုပ်ရုံများတွင် COVID-19 ကာကွယ်ရေးစည်းကမ်းမလိုက်နာသူများအား အချင်းချင်း အသိပေးခြင်းနှင့် သတိပေးခြင်းတို့ ပြုလုပ်ကြစေလိုကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း COVID-19 ကာကွယ်ရေး စည်းကမ်းချက်များကို ပြည်သူလူထုအတွင်း ပိုမိုလိုက်နာကြစေရေး ပိုမိုကြီးကြပ် ဆောင်ရွက်ပေးစေလိုကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၁၅ ရက်အထိ COVID-19 ဓာတ်ခွဲအတည်ပြု လူနာပေါင်း ၁၁၀,၆၆၇ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူ ၈၉,၄၁၈ ဦး နှင့် သေဆုံးလူနာပေါင်း ၂,၃၁၉ ဦး အသီးသီး ရှိလာခဲ့ကြောင်း သိရသည်။

(Xinhua)

Read times Last modified on Wednesday, 16 December 2020 12:23
Rate this item
(0 votes)