What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 17 January 2021 14:39

လူနာကုတင်လိုအပ်မှုများကြောင့် ဂျပန်တွင် အိမ်တွင်းသီးခြားခွဲနေထိုင်သည့် COVID-19လူနာ ဦးရေ (၃)သောင်းကျော်ရှိလာ

ဂျပန်နိုင်ငံတွင် ဇန်နဝါရီ ၁၃ ရက် ၀၀:၀၀ နာရီအထိ အိမ်တွင်းသီးခြားခွဲနေထိုင်သည့် COVID-19လူနာ ဦးရေ (၃၀,၂၀၈)ဦးထိ ရှိပြီဖြစ်ရာ ၎င်းမှာ ပြီးခဲ့သည့်အပတ်ကထက် (၁.၇)ဆ ခန့် မြင့်တက်လာခြင်းဖြစ်ကြောင်း ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၁၆ ရက် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

ရောဂါပြင်းထန်သည့်လူနာများကို ဦးစားပေးလက်ခံကုသနိုင်ရန်အတွက် ရောဂါလက္ခဏာ သက်သာသည့် လူနာနှင့် လက္ခဏာမပြကူးစက်သူများအား အိမ်တွင်း သို့မဟုတ် သတ်မှတ်ထားသည့် ဟိုတယ်နေရာများတွင် သီးခြားခွဲနေကြရန် ဂျပန်အစိုးရက အကြံပြုခဲ့သည်။ ဂျပန်၏ ယခုကာလ ကပ်ရောဂါအခြေအနေဆိုးဝါးလာသည့် အဓိကအကြောင်းအရင်းတစ်ခုမှာ အိမ်တွင်းနေထိုင်သူ လူနာများကြောင့်ဖြစ်နိုင်ကြောင်း ဂျပန်ကူးစက်ရောဂါပညာရှင်များက ယူဆကြသည်။

ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ကိန်းဂဏန်းများအရ ဇန်နဝါရီ ၁၃ ရက်အထိ မြို့တော် တိုကျို၌ အိမ်တွင်းသီးခြားခွဲနေသည့် COVID-19လူနာ (၈,၅၁၈)ဦး ရှိရာ ၎င်းမှာပြီးခဲ့သည့်ရက်သတ္တပတ်ကထက် (၃,၀၀၀) ကျော် ထပ်တိုးလာခြင်းဖြစ်ကြောင်း သိရသည်။ မြို့တော်တစ်ဝိုက်ဒေသများဖြစ်သည့် တိုကျို၊ Kanagawa၊ Saitama၊ Chibaစီရင်စုများ၌ အိမ်တွင်းနေထိုင်သည့် လူနာ ဦးရေ (၂)သောင်း နီးပါး ရှိပြီး Osaka၊ Aichi နှင့် Fukuokaစီရင်စုရှိ အိမ်တွင်းနေထိုင်သည့်လူနာဦးရေ (၂,၀၀၀)ကျော်စီ ရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင် ဟိုတယ်စသည့် အစိုးရ သတ်မှတ်ထားသည့် သီးခြားနေရာများတွင် ခွဲခြားနေထိုင်သူ လူနာ(၇,၇၈၁)ဦးရှိရာ ၎င်းမှာပြီးခဲ့သည့်ရက်ကထက် (၂,၀၀၀)ခန့် တိုးလာသည်။

ဇန်နဝါရီ ၁၃ ရက်အထိ ဂျပန်နိုင်ငံ၌ ဆေးရုံတင် ကိုဗစ်လူနာ ဦးရေ (၁၄,၈၀၆) ဦး ရှိပြီး အိမ်တွင်းနှင့်သတ်မှတ်နေရာတွင် သီးခြားခွဲနေသည့် လူနာအရေအတွက်သည် ဆေးရုံတင်လူနာ ဦးရေ၏ (၂.၆)ဆ ခန့်ရှိကြောင်း သိရသည်။ အချို့လူနာများသည် အိမ်တွင်းသီးခြားခွဲနေထိုင်စဉ်ကာလအတွင်း ရောဂါအခြေအနေဆိုးဝါးလာမှုကြောင့် သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။ တိုကျိုမြို့ ဇန်နဝါရီ ၁၃ ရက် အစီရင်ခံချက်များအရ အိမ်တွင်းနေထိုင်သောလူနာ ၂ ဦး ဖြစ်သည့် အသက်(၈၀)အရွယ် အမျိုးသား တစ်ဦးနှင့် အသက်(၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် ဆေးရုံသို့ ပို့ဆောင်ကုသရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။ Kanagawa၊Hiroshimaတို့တွင်လည်း ယခုကာလများအတွင်း အလားတူ ကြုံတွေခဲ့ရသည်။

ဂျပန်၏ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအခြေအနေ ဆိုးဝါးလျက်ရှိနေသည်။ NHK သတင်း၏ ကိန်းဂဏန်းများအရ တိုကျိုဒေသစံတော်ချိန် ဇန်နဝါရီ ၁၆ ရက် ၂၀ နာရီ ၁၀ မိနစ်အထိ ယင်းနေ့တွင် အသစ်ထပ်တိုးအတည်ပြုလူနာ (၇,၀၁၄)ဦး ၊ သေဆုံးသူ (၅၆)ဦးရှိရာ စုစုပေါင်း အတည်ပြုလူနာ (၃)သိန်း(၂)သောင်းကျော်နှင့် စုစုပေါင်း သေဆုံးသူ (၄,၀၀၀)ကျော် ရှိပြီဖြစ်ကြောင်း သိသည်။ တိုကျိုနှင့်Osakaရှိ ခရိုင်ဒေသ ၁၁ ခုတွင် အရေးပေါ်အခြေအနေရှိကြောင်း သိရသည်။

အတည်ပြုလူနာဦးရေ အဆက်မပြတ်မြင့်တက်လာမှုကြောင့် ကျန်းမာရေးစနစ်သည် ထပ်ဆင့်တိုးဝန်ပိအားနှင့် ရင်ဆိုင်နေရသည်။ ဂျပန်ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ တိုကျိုတွင် ကိုဗစ်အတည်ပြုလူနာ လက်ခံကုသမှု၏ လူနာကုတင်အသုံးပြုမှုသည် (၈၃.၂) ရာခိုင်နှုန်းရှိပြီဖြစ်ရာ ကုတင်နေရာအကျပ်အတည်းအမြင့်ဆုံးအခြေအနေတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ဂျပန်တစ်နိုင်ငံလုံးရှိ ပြည်နယ်မြို့ဒေသ (၄၇) ခုရှိ လူနာကုတင်အသုံးပြုနှုန်းအမြင့်ဆုံးရောက်ရှိနေသည်မှာ (၁၉)ခု ရှိရာ ၎င်းမှာ ပြီးခဲ့သည့် ရက်သတ္တပတ်ကထက် (၈)ခု ထပ်တိုးလာခြင်းဖြစ်သည်။

ဂျပန်အစိုးရသည် လွှတ်တော်သို့ ကူးစက်ရောဂါဥပဒေ ပြင်ဆင်မှု မူကြမ်းကို ဇန်နဝါရီ ၁၈ ရက်တွင် တင်သွင်းသွားရန် စီစဉ်ထားရာ ယင်းဥပဒေသတ်မှတ်ချက်တွင် အစိုးရ၏ တိုက်တွန်းချက်နှင့် ကိုဗစ်လူနာများကို လက်ခံကုသရန် ငြင်းဆိုသည့် ဆေးကုသရေးဌာနများကို နာမည်ဖော်တိုင်ကြားနိုင်ကြောင်း သိရသည်။ ထိုစောင့်ကြပ်မှုဖြင့် ဂျပန်အစိုးရသည် ဆေးရုံ အထူးသဖြင့် အလတ်စားအသေးစား ဆေးရုံများ၏ ကိုဗစ်လူနာ လက်ခံကုသနိုင်မှုကို မြှင့်တင်သွားလိုခြင်း ဖြစ်ကြောင်း သိရသည်။

Xinhua

Read times
Rate this item
(0 votes)