What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 21 November 2021 05:47

ကိုဗစ်ပိုး လုံးဝကင်းစင်တဲ့ အခြေအနေရောက်အောင် တရုတ်ပြည်က ဘာကြောင့် ဆက်လုပ်နေတာလဲ

အခြားတိုင်းပြည်တွေက ကိုဗစ်ပိုးနဲ့ ယှဥ်တွဲနေထို်သွားဖို့ လုပ်နေကြတဲ့ အချိန်မှာတရုတ်ပြည်က ပိုးလုံးဝကင်းရေးမဟာဗျူဟာကို ဆက်ကိုင်ထားနေဆဲ ဖြစ်ပါတယ်။

ကမ္ဘာအနှံ့ကတိုင်းပြည်တွေမှာ ကာကွယ်ဆေးကို အကာအကွယ်ယူပြီး ကိုဗစ်၁၉နဲ့ပတ်သက်တဲ့ ပိတ်ဆို့တားဆီးမှုတွေ အကြီးအကျယ် လျော့ချတာတွေ တဖြည်းဖြည်းလုပ်နေကြပါတယ်။ ဒါပေမဲ့ ကိုဗစ်အစပြုခဲ့ရာ တရုတ်ပြည်မှာတော့ ဗိုင်းရပ်စ်ပိုးကူးစက်မှု လုံးဝပပျောက်သွားစဖို့ မူဝါဒတွေ ဆက်ကျင့်သုံးနေဆဲပါ။

လူတစ်ယောက်က ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုထဲ ခဏလေးဝင်ပြီး သူသွားရမယ့် လမ်းညွှန်ပေးဖို့ မေးပါတယ်။ ဒါပေမဲ့ အဲဒီဟိုတယ်မှာ တည်းနေတဲ့ ဧည့်သည်တစ်ယောက်က ကိုရိုနာဗိုင်းရပ်စ်နဲ့ထိတွေ့မှုရှိခဲ့တယ်ဆိုတာကြောင့် အဲဒီလမ်းဝင်မေးသူလည်း နှစ်ပတ်ကြာကွာရန်တင်းဝင်ရတဲ့ အခြေအနေ ရောက်သွားပါတယ်။ ဧည့်သည်တစ်ယောက်က ကိုရိုနာဗိုင်းရပ်စ်ဖြစ်တဲ့နေရာနဲ့ ထိတွေ့မှုရှိခဲ့တာကြောင့် ၂ပတ်ကွာရန်တင်းလုပ်ဖို့နဲ့ လိုက်နာရမယ့်လမ်းညွှန်ချက်တွေကို လူတစ်ယောက်က ကြယ် ငါးပွင့်အဆင့် ဟိုတယ်တစ်ခုထဲမှာ လာပြောတာကို တွေ့ရပါတယ်။ မြန်နှုန်းမြင့်ရထားပေါ်မှာ ဝန်ထမ်းတစ်ဦးက ရောဂါပိုးရှိတဲ့ သူတစ်ယောက်နဲ့ ထိတွေ့မှုရှိခဲ့လို့ ရထားပေါ်က ခရီးသည်အားလုံးကို ကွာရန်တင်းပို့ပြီး စစ်ဆေးမှုတွေအကြီးအကျယ်လုပ်ခဲ့ပါတယ်။ ပြီးတော့ ရှန်ဟိုင်း ဒစ်စနီလန်းကို ပြီးခဲ့တဲ့ တစ်နေ့က လာလည်တဲ့သူတစ်ယောက်မှာ ရောဂါပိုးရှိတာ တွေ့တဲ့အတွက် ရောက်နေတဲ့သူ ၃၃၈၆၃ဦးစလုံးကို ရုတ်တရက် ပိုးစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

တရုတ်ပြည်ထဲက ကိုဗစ်ကာကွယ်တားဆီးတဲ့ ကိစ္စဟာ ပြီးဆုံးသွားမယ့်ပုံစံမတွေ့ရဘဲ ကိုဗစ်လုံးဝမရှိတော့တဲ့ အခြေအနေပြန်ရောက်တဲ့အထိ ဆက်လုပ်သွားမယ့် ပုံမျိုးရှိနေပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်ကပ်ရောဂါကို တားဆီးတဲ့ ကန့်သတ်ချက်တွေ ပထမဆုံးချမှတ်ကျင့်သုံးခဲ့တဲ့ နိုင်ငံဖြစ်ပြီး အဲဒီကန့်သတ်ချက်တွေကို ဖြေလျှော့ပေးမယ့်နောက်ဆုံး နိုင်ငံလည်း ဖြစ်ပါလိမ့်မယ်။

လမ်းပေါ်မှာတွေ့ရတဲ့ သာမန် တရုတ်နိုင်ငံသားတွေကို စကားပြောကြည့်ရင်လည်း အများက သူတို့အန္တရာယ်ကင်းနေသရွေ့ အခုလုပ်နေတဲ့ ကိုဗစ်ကာကွယ်တားဆီးရေးကိစ္စတွေက သူတို့အတွက် အနှောင့်အယှက်ဖြစ်တယ်လို့ မယူဆကြပါဘူး။

တရုတ်နိုင်ငံ အနေနဲ့ ကိုဗစ် အကာအကွယ်အတားအဆီးတွေ မြန်မြန်မဖွင့်သင့်ဘူးလားလို့ အမျိုးသမီးတစ်ယောက်ကိုမေးကြည့်တော့ အန္တရာယ်ကင်းဖို့ကိစ္စက နံပါတ်တစ်ဖြစ်လို့ ကိုဗစ်ကပ်ရောဂါ လုံးဝကင်းသွားတဲ့ အထိစောင့်တာ အကောင်းဆုံးလို့ ပြောပါတယ်။

အလုပ်ကနေ အိမ်ကို ပြန်နေတဲ့ နောက်အမျိုးသမီးတစ်ယောက်ကလည်း ဒီဗိုင်းရပ်စ်အကြောင်းကို အပြည့်အဝ နားမလည်နိုင်ကြသေးဘူး၊ ကာကွယ်ဆေးတွေကလည်း ပိုအစွမ်းထက်လာဖို့ရှိတယ်။ ဒါကြောင့် လူမှုဘဝလုံခြုံရေးအတွက် အတားအဆီးတွေ မဖွင့်သေးဘဲထားတာ အကောင်းဆုံးလို့ ဆိုပါတယ်။

သိပ်မကြာသေးခင် အချိန်တုန်းကလည်း သြစတြေးလျ၊နယူးဇီလန်နဲ့ စင်ကာပူနိုင်ငံတို့က ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုတွေကို တားဆီးဖို့ မြို့တွေကို လုံးဝလော့ဒေါင်းချပြီး ရောဂါပိုး မရှိတဲ့ အထိလုပ်ဖို့ ချဉ်းကပ်စဉ်းစားတာတွေ ရှိခဲ့ပါတယ်။

သူတို့ရည်ရွယ်ချက်က နိုင်ငံအတွင်းမှာ ကူးစက်မှု သုညအဆင့်ထိရောက်သွားအောင်လုပ်ဖို့ပါ။

အဲဒီစဉ်းစားချက်တွေပြောင်းသွားစေခဲ့တဲ့ အချက်နှစ်ခုကတော့ ထိန်းချုပ်ဖို့ ပိုခက်တဲ့ ဒယ်လ်တာမျိုးကွဲပေါ်လာတာရယ်၊ နောက် သူ့ထက်ပိုအရေးပါတာက ကာကွယ်ဆေးတွေ လူအများစုကို ထိုးပေးလာနိုင်တာပါ။

ကာကွယ်ဆေးကို လူတွေအများကြီးထိုးထားရင် ကိုဗစ်ကူးစက်မှုတွေ ဆက်ရှိနိုင်ပေမယ့် ဆေးရုံတက်ရတဲ့ အဆင့်တော့ မရောက် တော့ပါဘူး။

 

အခြားနေရာတွေမှာတော့ သူတို့ နိုင်ငံတွေရဲ့ နယ်စပ်တွေကို နိုင်ငံတကာနဲ့ ကူးလူးဆက်သွယ်ရေးတွေလုပ်ဖို့ ပြန်ဖွင့်နေကြပါပြီ။

ဒါပေမယ့် တရုတ်ပြည်မှာတော့ နိုင်ငံခြားသားတွေလာဖို့ ဗီဇာခက်ခဲနေသေးသလို၊ နိုင်ငံကူး လက်မှတ် သက်တမ်းကုန်သွားတဲ့ တရုတ်နိုင်ငံသားတွေဟာလည်း အခုချိန်ထိ သက်တမ်းတိုး ခွင့်မရကြသေးပါဘူး။

အခြားနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ ယှဉ်တွဲနေထိုင်တဲ့ ပုံစံကို ကျင့်သုံးနေကြပြီဆိုပေမယ့် တရုတ်ပြည်ကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ ဒယ်လ်တာမျိုးကွဲပေါ်လာတာကိုလည်း တရုတ်မှာတော့ ကာကွယ်ဆေး မပေါ်သေးခင်တုန်းကလိုပဲ အင်တိုက်အားတိုက် တိုက်ဖျက်နေပါတယ်။

အောက်တိုဘာလကစပြီး နိုင်ငံအတွင်း ကိုဗစ်ပိုး ကူးစက်မှုတွေဟာ တစ်ထောင်ကျော်ရှိတယ်လို့ တရားဝင်ကိန်းဂဏန်းတွေအရ သိရပါတယ်။

ဒီကိန်းဂဏန်းအရ ကူးစက်မှု အရအတွက် များတယ်လို့ မပြောနိုင်ပေမယ့် ဒီကူးစက်ပျံ့နှံ့မှုက ပြည်နယ် ၂၁ ခုမှာ ဖြစ်ခဲ့တာပါ။

တရုတ်မှာက ကူးစက်မှု တစ်ခုနှစ်ခု လောက်ဖြစ်ပြီဆိုရင် လူ ရာထောင်ချီ ကူးစက်မှုမှာ ကူးစက်မှု အသစ်တွေ့ရသလိုမျိုး တားဆီးပိတ်ပင်မှုတွေ လုပ်တတ်တာပါ။

ကူးစက်မှု တစ်ခုရှိတာမျိုးကိုတောင် လက်မခံနိုင်ဘူး
အစိုးရလက်ရှိ လုပ်နေတဲ့နည်းလမ်းတွေကို ပြန်စဉ်းစားဖို့ တရုတ်သိပ္ပံပညာရှင်အချို့က တိုက်တွန်းနေပေမယ့် အာဏာပိုင်တွေဘက်က ပြောင်းဖို့ ဆန္ဒမတွေ့ရပါဘူး။

အစိုးရရဲ့ အကြံပေးလည်း ဖြစ်တဲ့ ဟောင်ကောင်တက္ကသိုလ်က ရောဂါပိုးမွှားဗေဒပညာရှင် ပါမောက္ခဂွန်လီက ရောဂါပိုးရှိမရှိ nucleic acid စစ်ဆေးမှုတွေအကြီးအကျယ်လုပ်တာကနေ ကာကွယ်ဆေးရဲ့ ထိရောက်မှုကို စစ်ဆေးဖော်ထုတ်တဲ့ ပဋိဇီဝပစ္စည်း စစ်ဆေးမှုတွေ ပြောင်းလုပ်ဖို့ တရုတ်အစိုးရကို အကြံပြုတိုက်တွန်းထားတာ ရှိပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုတွေကို အမြစ်ပြတ်အောင်ဆိုပြီး ရောဂါပိုးမရှိတော့အောင်လုပ်ဖို့ ဇီးရိုးကိုဗစ် မဟာဗျူဟာက ရေရှည်မှာ အလုပ်မဖြစ်ဘူးလို့ ဖီးနစ် တီဗီနဲ့ လုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းထဲမှာလည်း အခုလို ပြောထားပါတယ်။

"ဒီဗိုင်းရပ်စ်က အမြဲတမ်းဆက်ရှိနေတော့မှာ။ တုပ်ကွေးရောဂါ ပုံစံအတိုင်း လူတွေထဲမှာ လှည့်ပတ် ခိုအောင်းသွားတော့မှာပါ။"

 

သူပြောတဲ့ ဒီအယူအဆဟာ အခြားတိုင်းပြည်တွေအတွက်တော့ အံ့အားသင့်စရာ ကိစ္စ မဟုတ်ပါဘူး။

ဒါပေမယ့် တရုတ်ပြည်မှာတော့ အစိုးရက ကိုဗစ်ပိုးလုံးဝကင်းစင်သွားတဲ့ အခြေအနေရောက်အောင်လုပ်ရမယ်ဆိုတဲ့ သတင်းစကားကို လူထုကြားရိုက်သွင်းထားပြီး လုပ်ဆောင်နေတာကြောင့် သူတို့ရဲ့ သတင်းစကားကို ပြောင်းပစ်ဖို့ကတော့ သိပ်လွယ်လှမှာ မဟုတ်ပါဘူး။

တရုတ်ကာကွယ်ဆေးက မျိုးရိုးဗီဇပြောင်းလာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ဘယ်လောက် အထိတားဆီးနိုင်မလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ကာကွယ်ဆေးထုတ်တဲ့သူတွေကပဲ ဖြေသင့် တယ်လို့ ပါမောက္ခဂွန်က ပြန်ပြောပါတယ်။

ကိုဗစ်ပိုး ကာကွယ်တားဆီးရေးနဲ့ပတ်သက်လို့ တရုတ်အစိုးရလုပ်ဆောင်နေတာ မေးခွန်းထုတ် နေတဲ့သူက သူတစ်ယောက်တည်း မဟုတ်ပါဘူး။

နယူးယောက်အခြေစိုက် နိုင်ငံခြားဆက်ဆံရေး ကောင်စီက ဒေါက်တာ ဟောင်ယန်ဂျောင်းကလည်း တရုတ်အစိုးရလုပ်ချင်တာကို ကာကွယ်ဆေးက မစွမ်းဆောင်နိုင်ဘူး။ တရုတ်အစိုးရကို စိုးရိမ်ပူပန်မှုတွေပဲ ဖြစ်စေတယ်လို့ ပြောပါတယ်။

ရောဂါပိုးကူးစက်မှုကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးရဲ့ ထိရောက်မှုကို သူတို့ စိတ်ချလက်ချ မယုံကြပါဘူး။ ဘာလို့လဲဆိုတော့ တကယ်ဆိုရင်လည်း အကောင်းဆုံးကာကွယ်ဆေးဆိုတာတောင် ကူးစက်မှုကို မတားဆီးနိုင်ပါဘူး။

ဒါပေမယ့် ပိုးရှိတာ လုံးဝလက်မခံဘူးဆိုတဲ့ မဟာဗျူဟာက တစ်ယောက်လေး ကူးစက်တာကိုတောင် လက်သင့်မခံဘူးလို့ ဆိုလိုတာပါ လို့ ဒေါက်တာဟောင်းက ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စအတွက် တရုတ်အစိုးရက နိုင်ငံရေးနဲ့ အတွေးအမြင်သဘောထားကို ပေါင်းစပ်ပြီး အောင်မြင်ရမယ်ဆိုပြီး လူတွေကို တွန်းအားပေးနေတာလို့ ဒေါက်တာဟွန်က ထပ်ဖြည့် ပြောပါတယ်။

"ရောဂါပိုးကင်းစင်ရမယ်ဆိုတဲ့ မဟာဗျူဟာက ကပ်ဘေးကာလမှာ လူတွေကို တရုတ်ရဲ့ ကပ်ရောဂါကိုင်တွယ်မှုက အောင်မြင်တယ်ဆိုပြီး တွန်းအားပေးဖို့ ဒီအတွေး အခေါ်က တရုတ်နိုင်ငံရေးရဲ့ ထိပ်ပိုင်းက လာတာပါ ။ ဒါကြောင့် ဒီမဟာဗျူဟာကို လက်လွတ်လိုက်ပြီး ရောဂါပိုးပျံ့ပွားမှုတွေသိသိသာသာတိုးလာခဲ့မယ်ဆိုရင် လူတွေကလည်း ဒီပုံစံကို လက်ညှိုးထိုး မေးခွန်းထုတ်ကြလိမ့်မယ်။ "

အကြောင်းပြချက်တွေ သန်းနဲ့ချီ
ဒီအခြေအနေမှာ နောက်ထပ်အရေးကြီးတဲ့ ဖြစ်စဉ်ကတော့ တရုတ်မှာ ပွဲတော်ကြီးတွေကျင်းပဖို့ ရှိနေတာပါ။ ဒီပွဲတွေကျင်းပချိန် တရုတ်ပြည်ကို ကိုဗစ်ရောဂါဖြစ်ပွားမှု မရှိတဲ့ ပတ်ဝန်းကျင်အဖြစ် ပြုလုပ်ထားဖို့ တရုတ်အာဏာပိုင်တွေ ဆန္ဒရှိနေကြပါတယ်။

အနီးဆုံးက လာမယ့်ဖေဖော်ဝါရီမှာ ဆောင်းရာသီအိုလံပစ်ပွဲ ကျင်းပဖို့ရှိပါတယ်။ အခုချိန်ထိ လက်မှတ်တွေအကုန်လုံး မရောင်းရသေးပါဘူး၊ ဒါပေမဲ့ ပွဲကြည့်ပရိသတ်တွေ ကွင်းထဲမှာ လာကြည့်နိုင်ဖို့ ရည်မှန်းချက်လည်းရှိနေပါတယ်။

လာမယ့် အောက်တိုဘာလမှာလည်း ငါးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကွန်မြူနစ်ပါတီ ကွန်ဂရက်လည်းရှိပါတယ်။ ဒါဟာ ရှီကျင့်ဖျင်အတွက် သမိုင်းဝင် ရာထူးသက်တမ်း ၃ ကြိမ်ဆက်ခံမယ့် ပွဲလည်းဖြစ်လာနိုင်ပါတယ်။

တရုတ်မှာ အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုခုကတော့ အမြဲတမ်းလိုလို ရှိနေတတ်တာမျိုးပါပဲ။

 

နောက်ထပ် ကောက်ချက်ဆွဲလို့ရတဲ့ ကိစ္စကတော့ အထွေထွေတွင်းရေးမှူး ရှီကျင့်ဖျင် နဲ့ သူ့အစိုးရအဖွဲ့က တရုတ်ပြည်မှာ ပြည်ပလွှမ်းမိုးမှု လျှော့ချချင်တဲ့ အတွေးအခေါ်ရှိနေတာ။ ပြီးတော့ ဒီကပ်ဘေးရောဂါကလည်း သူတို့ သွားချင်တဲ့ လမ်းကြောင်းကို သွားနိုင်ဖို့ အကောင်းဆုံး အကြောင်းပြချက်ဖြစ်နေတာလည်း ပါပါတယ်။

လူမှုကွန်ရက်ပေါ်မှာလည်း တရုတ်လုပ်နေတာတွေကို နိုင်ငံတကာက သြဇာလွှမ်းမှုကို ရှုတ်ချတဲ့ အမျိုးသားရေးသမားတွေရဲ့ ပို့စ်အချို့ကိုလည်း တွေ့နေရပါတယ်။

တရုတ်အစိုးရလုပ်နေတာကို ကြည့်ရရင် ပြုပြင်ပြောင်းလဲရေးနဲ့ ပွင့်လင်းမှုအခြေအနေကနေ အားလုံးက ကွန်မြူနစ်ပါတီကို ဗဟိုပြုပြီး ခေါင်းဆောင်ရှီကျင့်ဖျင်ကပဲ အချက်အချာ ကျတဲ့နေရာကို ယူထားတဲ့ ဘက် ရွေ့လာတဲ့သဘော တွေ့ရပါတယ်။

အခြားတိုင်းပြည်တွေက သူတို့ နယ်စပ်တွေကို ပြန်ဖွင့်နေကြတဲ့ အချိန်မှာ သူတို့ တိုင်းပြည်က ဘယ်အချိန်ပြန်ဖွင့်မလဲလို့ ဘီဘီစီက အမေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဝန်ဝင်ဘင်က အခုလို ဖြေပါတယ်။

တရုတ်ပြည်က အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံကို စောင့်ကြည့်နေတာဖြစ်ပြီး မူကွဲပိုးတွေနဲ့ ပတ်သက်တဲ့ သိပ္ပံပညာ တွေ့ရှိချက်တွေနဲ့ ပတ်သက်တဲ့ ဖြစ်ပေါ်လာတာတွေကို သုံးသပ်ပြီး ဆုံးဖြတ်ချက်ချရပါမယ်တဲ့။

အခြားတစ်ဘက်မှာလည်း တရုတ်အစိုးရနဲ့ နီးစပ်တဲ့ ကျွမ်းကျင်ပညာရှင်တွေကလည်း ကိုဗစ်ပိုး လုံးဝကင်းစင်သွားမယ့် အခြေအနေမျိုးမရှိဘူးလို့ ပြောတာမရှိသေးပါဘူး၊ တကယ်ဆို အခြေအနေက ဆန့်ကျင်ဘက်လိုတောင် ဖြစ်နေတာပါ။။

ပေးဆပ်ရမှာက များလွန်းတယ်
ဒေါက်တာကျောင်နန်ရှန်ကို တရုတ်ပြည်မှာတော့ ကျန်းမာရေးသူရဲကောင်းတစ်ယောက်လို့ မြင်ထားကြပါတယ်။ သူဟာ အသက်ရှူလမ်းကြောင်းဝေဒနာကုသရေး သမားတော်ကြီး တစ်ယောက်ဖြစ်ပြီး ၂၀၀၃ ခုနှစ်က တရုတ်အစိုးရရဲ့ ဆားစ်ရောဂါဖြစ်ပွားမှုဟာ မစိုးရိမ်ရလောက်ပါဘူးဆိုတဲ့ ရပ်တည်ချက်ကို စိန်ခေါ်ခဲ့သူအဖြစ် ကမ္ဘာကျော်ခဲ့သူ တစ်ယောက်ပါ။

အခုချိန်မှာတော့ တရုတ်အစိုးရတာဝန်ရှိတဲ့သူတွေအပါအဝင် လူထုက သူပြောတာကို နားထောင်လိုက်နာကြပါတယ်။

သူ့ အင်တာဗျူးတစ်ခုထဲမှာ တရုတ်ရဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဥ်တွေဟာ ရေရှည်လုပ်သွားရမယ့်လုပ်ငန်းစဥ်လို့ ပြောခဲ့ပါတယ်။

ကာကွယ်ဆေးတွေ ရှိလာပြီဆိုရင်တောင်မှ ကိုဗစ်-၁၉ကြောင့် ကမ္ဘာမှာဖြစ်နေတဲ့ သေဆုံးနှုန်း ၂ ရာခိုင်နှုန်းဟာ တရုတ်ပြည်အတွက်ဆို များလွန်းတယ်လို့ သူက ထပ်ဖြည့်ပြောပါတယ်။

ကန့်သတ်ချက်တွေကို အလျင်အမြန်ပြန်ဖွင့်ပေးလိုက်မယ်ဆိုရင် ဖြစ်လာမယ့် အကျိုးဆက်တွေက ပေးဆပ်ရဖို့ မတန်ဘူးလို့သူက ပြောပြီး ကိုဗစ်နဲ့အတူ နေထိုင်သွားကြမယ့် တခြားနိုင်ငံတွေရဲ့ အစီအစဉ်တွေကိုလည်း တရုတ်က စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

တရုတ်အာဏာပိုင်တွေဟာ ဘာလုပ်လုပ် အစဉ်အလာစွဲအတိုင်း ချဉ်းကပ်လုပ်ဆောင်တတ်ကြတယ်ဆိုတာကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ သူတို့ နိုင်ငံကို ပြန်ဖွင့်ဖို့ အစီအစဉ် ရှိကောင်းရှိပါလိမ့်မယ်၊ ဒါပေမဲ့ အလျင်စလို လုပ်ကြမယ့်ပုံမျိုးတော့ မတွေ့ရပါဘူး။

တရုတ်ပြည်ကို ဝင်ချင်တဲ့သူဖြစ်ဖြစ် ထွက်ချင်တဲ့သူဖြစ်ဖြစ် စောင့်ရုံကလွဲလို့ ရွေးချယ်စရာ မရှိပါဘူး။

 

တရုတ်ပြည်က အလယ်လတ်နဲ့ အထက်တန်းလွှာတွေကတော့ နိုင်ငံတကာကို လွတ်လွတ်လပ်လပ်ရွှေ့ပြောင်းသွားလာဖို့ အခွင့်အရေးတွေဆုံးရှုံးတယ်လို့ ညည်းတွားချင်ကြပေမဲ့၊ သာမန် တရုတ်နိုင်ငံသားအများစု အတွက်တော့ သူတို့ ကျန်းမာရေးအတွက် အစိုးရက စောင့်ရှောက်ပေးနေသမျှ ကျေနပ်ရောင့်ရဲနေကြမယ့် သဘောတွေ့ရပါတယ်။

တစ်ချိန်ထဲမှာပဲ ရောဂါပိုးရှိမရှိ အကြီးအကျယ် စစ်ဆေးတာတွေ၊ ကွာရန်တင်းဝင်ရတာတွေ၊ ခရီးသွားလာမှုကို ထိန်းချုပ်ခံရတာတွေ၊ အကြီးအကျယ် စောင့်ကြပ်ကြည့်ရှုခံရတာတွေနဲ့ ရောဂါပိုးနောက်ကို ခြေရာခံလိုက်တဲ့ ကိစ္စမျိုးတွေအပါအဝင် ဒေသတွင်းမှာ လော့ဒေါင်းချ တာတွေက တရုတ်ပြည်မှာ ဆက်ရှိနေဦးမှာ သေချာပါတယ်။

 

ဘီဘီစီ

Read times
Rate this item
(1 Vote)