What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 17 February 2022 17:10

ကိုဗစ်စတုတ္ထလှိုင်း ဘယ်လို စောင့်ရှောက်ကုသမှု ပြုမလဲ

ကိုဗစ်စတုတ္ထလှိုင်း စောင့်ရှောက်ကုသမှု

မြန်မာနိုင်ငံမှာ Omicron မျိုးကွဲသစ်တွေ့အပြီး ဖြစ်ပွားနှုန်း တက်လာတဲ့ ကိုဗစ်လှိုင်းထဲ၊ ကူးစက်မူများ၊ ဆရာဝန်တချို့နဲ့ပြဖို့ ခက်သွားချိန်မှာ ကိုယ်တိုင်ပြုစုစောင့်ရှောက်နိုင်တာတွေကို ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုထားပါတယ်။

နိုင်ငံတဝှမ်း ကိုဗစ်သံသယလက္ခဏာရှိသူတွေ တဟုန်ထိုးများလာပြီး ဆေးခန်းတချို့ ပိတ်သွားချိန်မှာ ဖုန်းနဲ့တဆင့်ဆက်သွယ်ဖို့နဲ့ ဆေးစစ်နိုင်ဖို့တွေ ခက်ခဲလာကာ ကိုယ့်အိမ်မှာ ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး စောင့်ရှောက်ကုသနေရတယ်လို့ ပြည်သူအများက ပြောနေကြပါတယ်။ အခုလိုအချိန်မှာ လည်ပင်းနာ၊ ချောင်းဆိုး၊ နှာစေးလျှင် ကိုဗစ်ဖြစ်ဖို့များပြီး၊ ကာကွယ်ဆေးထိုးထားသူ အများစုမှာ မပြင်းထန်ဘဲ ရက်တိုတိုအတွင်း ပြန်ကောင်းဖို့များပေမဲ့၊ ကာကွယ်ဆေး မထိုးထားသူတွေမှာတော့ အသက်အရွယ်အလိုက် အနည်းနဲ့အများ ပိုပြင်းထန်နိုင်ကာ၊ သက်ကြီးနဲ့ ရောဂါအခံရှိသူတွေမှာဆိုလျှင်တော့ အန္တရာယ်ကြီးလွန်းတာမို့ အထူးသတိပြုစောင့်ရှောက်ပေးဖို့ အလွန်ကို အရေးကြီးနေပါတယ်။

ကိုဗစ် ကာကွယ်ဆေး (၂) ကြိမ် (သို့မဟုတ်) (၃) ကြိမ် (အထူးသဖြင့် Covishield) ထိုးထားပြီးသူ (အထူးသဖြင့် လွန်ခဲ့တဲ့ (၆) လအတွင်း) အသက် (၆၅) နှစ်အောက်တွေ အတွက်တော့၊ (၃) ရက်ကနေ (၅) ရက်အတွင်း ပြန်ကောင်းသွားနိုင်ပါတယ်။ ဒီအတောအတွင်းမှာ မောပန်းမူမရှိဘဲ၊ သွေးတွင်းအောက်ဆီဂျင် (၉၂) အောက် မကျပါက၊ ရေများများသောက်ပြီး၊ ဖြစ်လာတဲ့ လက္ခဏာပေါ် မူတည်ကာ သက်သာစေတဲ့ ဆေးတွေသောက်နိုင်ပါတယ်။ ဥပမာအားဖြင့် လည်ချောင်းနာအတွက် လည်ချောင်းပလုပ်ကျင်းဆေးရည် (Listerine လိုဆေးရည်မျိုး) ဒါမှမဟုတ် ဆားရည် (မပူမအေးလွန်းတဲ့ ရေနွေးထဲ ဆားထည့်ဖျော်တာ) နဲ့ လည်ချောင်းကို ပလုပ်ကျင်းတာ၊ ချောင်းဆိုးလျှင် ချောင်းဆိုးပျောက်ဆေး (တချို့အဆင့်မြင့် ချောင်းဆိုးပျောက်ဆေးတွေကို ဆရာဝန်နဲ့ ဖုန်းကတဆင့် တိုင်ပင်သင့်)၊ အဖျားတက်လျှင် ပါရာစီတမော သောက်တာ၊ ဝမ်းလျှောလျှင် ရေနဲ့ဓာတ်ဆား ပြန်ဖြည့်တာ (လျော့သွားတဲ့ ဓာတ်ဆားပြန်ဖြည့်ခြင်းဖြင့် နုံးတာသက်သာစေတာ) တွေနဲ့ ခဏအတွင်း သက်သာသွားနိုင်ပါတယ်။

ကိုဗစ် ကာကွယ်ဆေးမထိုးထားလျှင်တော့၊ လူငယ်တွေမှာ အထက်ပါ လည်ချောင်းနာ ချောင်းဆိုး နှာစေး၊ ဝမ်းလျှောတာတွေ အနည်းငယ် ပိုပြင်းထန်နိုင်ပေမဲ့၊ အသက်အန္တရာယ်ဖြစ်တဲ့အဆင့်ရောက်တာ ဆေးရုံတက်ရတာမျိုးအထိ ဖြစ်ဖို့နည်းပါတယ်။ (ဒါပေမဲ့ လူငယ်တွေလည်း ကာကွယ်ဆေးတော့ ထိုးထားသင့်ပါတယ်။ အကြောင်းက တချို့လူငယ်တွေမှာ ရောဂါအခံရှိနေတာ မသိသေးတာနဲ့ တခြားသက်ကြီးနဲ့ ရောဂါအခံရှိပြီးသားသူတွေကို ကူးနိုင်လို့ပါ။) လူငယ်တွေအပြင် လူလတ်ပိုင်း (၄၅-၆၅နှစ် အတွင်း) မှာပါ ကာကွယ်ဆေးထိုးထားသူတွေအတွက် ဆေးရုံတက်ရနှုန်း၊ အထူးကြပ်မတ်ဆောင်ရောက်နှုန်းနဲ့ သေဆုံးနှုန်းတွေက ကာကွယ်ဆေးမထိုးထားသူတွေနဲ့ နှိုင်းယှဉ်လျှင် အများကြီးကိုနည်းပြီး၊ အခုတစ်ခေါက် ဆေးရုံတက်ရ သေဆုံးရသူတွေအများစုကတော့ ကာကွယ်ဆေးလုံးဝမထိုးထားသူတွေမို့ အထူးသတိထားသင့်ပါတယ်။

အခုလို ဆေးရုံတက်ရနှုန်းနဲ့ သေဆုံးမူနှုန်းများနိုင်သူတွေ လျော့ချနိုင်အောင်ကတော့၊ အဓိကအားဖြင့် ကိုဗစ်ဖြစ်လာတာနဲ့ သွေးတွင်းအောက်ဆီဂျင်ကို အမြဲတိုင်းနေဖို့ပါ။ လက်ဖျားထိပ်မှာတိုင်းတဲ့ သွေးတွင်းအောက်ဆီဂျင်ပမဏ (၉၂) အောက်ကျလာလျှင်တော့ လူကြီးရော လူငယ်ပါ ဆရာဝန်နဲ့ မဖြစ်မနေ တိုင်ပင်သင့်ပါပြီ။ အခုလို အောက်ဆီဂျင်ကျတာအတွက် လူငယ်တွေမှာ အနည်းငယ်ပိုခံနိုင်ပေမဲ့၊ လူလတ်ပိုင်း (၄၅-၆၅နှစ်) မှာ ခံနိုင်ရည်နည်းသွားပြီး (ချက်ချင်းအောက်ဆီဂျင် ပိုကျသွားနိုင်ပြီး)၊ သက်ကြီး (၆၅ နှစ်အထက်) မှာဆိုလျှင်တော့ ရောဂါအခံမရှိလျှင်တောင် မခံနိုင်တာများပါတယ်။ ဒါ့အပြင် သက်ကြီးနဲ့ ရောဂါအခံရှိသူတွေ (အသက်ကြီးငယ်မရွေး)၊ ဥပမာ အဝလွန်သူ၊ ဆီးချို၊ သွေးတိုးရှိသူ၊ ကျောက်ကပ်နဲ့ အသည်းမကောင်းသူ၊ ကင်ဆာဖြစ်နေသူ စတာတွေမှာ၊ အထူးသဖြင့် ကိုဗစ်ကာကွယ်ဆေးလည်းလုံးဝမထိုးထားလျှင်၊ မြန်မာနိုင်ငံမှာ ရနေတဲ့ ကိုဗစ်သောက်ဆေး (Molnupiravir) ကို စဖြစ်ဖြစ်ချင်း (၅) ရက်အတွင်းမှာ အောက်ဆီဂျင် (၉၂) အထက်မှာရှိနေလျှင် သောက်သင့်ပါတယ်။ တချိန်ထဲမှာ အောက်ဆီဂျင် (၉၂) အထက်မှာရှိနေသူတွေအနေနဲ့ အခြားကုဗစ်ဆေး Remdesivir နဲ့ အရောင်ကျဆေး Steroid တွေ သောက်ဖို့ မလိုသေးပါဘူး။ နောက်အရေးကြီးတာက လူငယ်နဲ့လူလတ်ပိုင်းတွေ အခု ကိုဗစ်ဖြစ်လာလျှင်၊ အထက်ပါ အသက်အန္တရာယ်ကြီးတဲ့ သက်ကြီးနဲ့ ရောဂါအခံရှိသူတွေနဲ့ လုံးဝ အတူမနေသင့်ဘဲ၊ မဖြစ်မနေ ခွဲပြီးနေထိုင်စားသောက်ဖို့ အထူးကိုအရေးကြီးနေပါပြီ။

burmese.voanews.com

Read times
Rate this item
(0 votes)