What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 27 July 2020 13:59

မြန်မာ့သနပ်ခါး ယဉ်ကျေးမှု ရေရှည်ရပ်တည်နိုင်ရေးအတွက် သနပ်ခါးပါဝင်မှုမရှိသည့် အလှကုန်များ စစ်ဆေးမည်

မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်သူများ ရေရှည်ရပ်တည်နိုင်ရေးအတွက် သနပ်ခါးအမည်ခံဖော်ပြပြီး သနပ်ခါး ပါဝင်မှုမဖေါ်ပြနိုင်သည့် ထုတ်ကုန်အလှကုန်များကို အရေးယူနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။


ပြည်တွင်း၌ သနပ်ခါးအမည်တပ်၍ ထုတ်လုပ်သူများ၊ ပြည်ပမှတစ်ဆင့် တင်သွင်းဖြန့်ဖြူးရောင်းချသည့် သနပ်ခါးအခြေခံအလှကုန်များ စျေးကွက်တွင် များပြားစွာရှိပြီး သနပ်ခါး အမည်ဖေါ်ပြပြီး သနပ်ခါး မပါ ဝင်သည့်အတွက် သနပ်ခါးစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် နစ်နာမှုများရှိကြောင်း သိရသည်။


၂၀၁၉ ခုနှစ်က မုံရွာမြို့တွင် ပြုလုပ်သည့် မြန်မာ့သနပ်ခါးညီလာခံတွင် မြန်မာ့သနပ်ခါး ယဉ်ကျေးမှု ရေရှည်ရပ်တည်နိုင်ရန်နှင့် သနပ်ခါးစိုက်ပျိုးသူများ လူနေမှုဘဝမြှင့်တင်နိုင်ရန် ပြည်တွင်း စျေးကွက်ရှိ သနပ်ခါးအမည် တပ်ထားသည့် အလှကုန်များကို စိစစ်ဆောင်ရွက်ရန် မူဝါဒချမှတ်ခဲ့ကြောင်း သိရသည်။


ယင်းသို့ စစ်ဆေးခြင်းလုပ်ငန်းများကို ဇွန်လအတွင်းက မုံရွာမြို့ရှိစျေးဝယ်စင်တာများ၊ လက်လီ လက်ကား ဖြန့်ချိသည့်ဆိုင်များတွင် သနပ်ခါးအမည်ပါဝင်သည့် ထုတ်ကုန်များကို စတင်စစ်ဆေးခဲ့သည်။


ထို့ပြင် သနပ်ခါးအသင်းများရှိသည့် အရာတော်၊ ရွှေဘို၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ပခုက္ကူ၊ ဘုတလင်၊ ယင်းမာပင်၊ မြင်းမူ၊ ကန့်ဘလူ အစရှိသည့် မြို့များအပြင် ရန်ကုန်၊ မန္တလေးမြို့များတွင်ပါ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့စစ်ဆေးရာတွင် သနပ်ခါးပါဝင်ကြောင်း အာမခံချက်ဖေါ်ပြချက်မရှိပါက ပထမအကြိမ် အသိပညာပေးခြင်း ဒုတိယအကြိမ် ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

သနပ်ခါးကုန်ကြမ်းများ ဝယ်ယူရာတွင်လည်း မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတွင် တရားဝင်ဝယ်ယူစေလိုကြောင်း၊ သနပ်ခါးအလှကုန်များတွင် သနပ်ခါးပါဝင်ကြောင်း အာမခံရမည်ဖြစ်ကြောင်း၊ သနပ်ခါးကုန်ကြမ်းများကို ပြည်တွင်း၌ ဝယ်ယူပြီး ပြည်တွင်းသို့ ကုန်ချောတင်သွင်းစေလိုကြောင်း၊ မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ မြန်မာ့သနပ်ခါးထုတ်ကုန်ဖြစ်ကြောင်း ထောက်ခံပေးမည့် အမှတ်တံဆိပ်လိုဂို ထုတ်ပေးနိုင်ရန်စီစဉ် ပေးမည်ဖြစ်ပြီး သနပ်ခါးသုံးစွဲသူများ အနေဖြင့်လည်း စစ်ဆေးပြီး ဝယ်ယူသုံးစွဲစေလိုကြောင်း အော်ဂဲနစ်ထုတ်ကုန်ဖြစ်ကြောင်း အသင်းဥက္ကဌ ဦးကျော်မိုး က ပြောသည်။


မြန်မာနိုင်ငံတွင် သနပ်ခါးစိုက်ပျိုးဧက ၃ သိန်းကျော်ရှိပြီး သနပ်ခါးစျေးကွက် ထိခိုက်လာသည့်အတွက် အခြားစိုက်ပျိုးရေး လုပ်ငန်းများကို ပြောင်းလဲစိုက်ပျိုးမှုများ ရှိနေကြောင်း သိရသည်။


Myanmar Digital News

Read times Last modified on Monday, 27 July 2020 14:06
Rate this item
(1 Vote)