လူအများစုဟာ နေ့စဉ် အစားအသောက်တွေ စားနေပေမယ့် အဓိက လိုအပ်တဲ့ အာဟာရဓာတ်တွေ ချို့တဲ့နေတတ်ပါတယ်။
ဒီလို အရေးပါတဲ့ အာဟာရဓာတ်တွေ ချို့တဲ့နေရင် နှလုံးရောဂါ၊ လေဖြတ်တာ၊ ညောင်းညာနုံးချိတာနဲ့ ကိုယ်အလေးချိန် တက်တာတွေလို ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေများပါတယ်။ ဒါပေမဲ့ ကံကောင်းတာက ဒီအာဟာရဓာတ်တွေကို အစားအသောက်တွေကနေ အလွယ်တကူ ရနိုင်တာပဲ ဖြစ်ပါတယ်။
(၁) ဗီတာမင် ဒီ
အရိုးတွေကို သန်စွမ်းစေတဲ့ ဗီတာမင်ပါ။ သွေးလှည့်ပတ်မှုဆိုင်ရာ လေ့လာမှုတစ်ရပ်အရ ဗီတာမင်ဒီ ချို့တဲ့သူတွေဟာ နှလုံးရောဂါထတာနဲ့ လေဖြတ်တာတို့ ဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်း မြင့်မားကြောင်း သိရပါတယ်။ အကြောင်းကတော့ ဗီတာမင်ဒီဟာ သွေးလွှတ်ကြောတွေရဲ့ ရောင်ရမ်းမှုကို လျော့ကျစေလို့ပါ။ မင်နီဆိုတာတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ ဗီတာမင်ဒီ အလုံအလောက် ရှိသူတွေက လက်ပ်တင်ဟော်မုန်းကို ထွက်ရှိစေပြီး ဒီဟော်မုန်းက ဦးနှောက်ဆီကို ဗိုက်ပြည့်ကြောင်း သတင်းအချက်အလက် ပို့ပေးတယ်လို့ သိရပါတယ်။ တခြားလေ့လာမှု တစ်ရပ်အရ သွေးထဲမှာ ဗီတာမင်ဒီပါဝင်မှု မြင့်မားတဲ့သူတွေအနေနဲ့ အဆီစုဆောင်းမှု လျော့နည်းကြောင်း၊ ဗီတာမင်ဒီရှိတာက ဗိုက်အဆီကို လျော့ကျစေကြောင်း သိရပါတယ်။
ဗီတာမင်ဒီ ရရှိအောင်
ခရမ်းလွန်ရောင်ခြည်ဘီကို အရေပြားက ရရှိတဲ့အခါမှာ ခန္ဓာကိုယ်ကနေ ဗီတာမင်ဒီ ထုတ်လုပ်ပေးပါတယ်။ တကယ်လို့ နေရောင်ခြည်ကို မခံယူဖြစ်ရင် ဗီတာမင်ဒီပါတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ မက်ကရာယ်ငါးတွေကို စားပေးပါ။ နို့နဲ့ ဥအမျိုးမျိုးမှာလည်း ဗီတာမင်ဒီ ပါဝင်ပါတယ်။
(၂) မဂ္ဂနီဆီယမ်
မဂ္ဂနီဆီယမ်က လုပ်ငန်းဆောင်တာ အများကြီးကို လုပ်ဆောင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ ၃၀၀ ကျော်မှာ ပါဝင်နေပါတယ်။ အမေရိကန် အာဟာရဂျာနယ်ရဲ့ လေ့လာမှုတစ်ရပ်အရ မဂ္ဂနီဆီယမ်ပမာဏ နည်းပါးတာက၊ သွေးထဲက C-reactive ပရိုတင်းအဆင့်ကို တိုးစေပါတယ်။ C-reactive ပရိုတင်းဟာ နှလုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။
မဂ္ဂနီဆီယမ် ရရှိအောင်
တစ်နေ့မှာ မဂ္ဂနီဆီယမ် ၄၀၀ မီလီဂရမ် ရရှိအောင် မှီဝဲပါ။ ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယမ် အလုံအလောက်မရှိရင် ဆဲလ်တွေဟာ စွမ်းအင်ထုတ်လုပ်ဖို့ ပင်ပန်းရတတ်ပါတယ်။ မဂ္ဂနီဆီယမ်ရရှိအောင် ဟင်းနုနယ်ရွက်နဲ့ ဟေလိဘက်ငါးတွေ စားသင့်ပါတယ်။ ဒါမှမဟုတ် မဂ္ဂနီဆီယမ် ၂၅၀ မီလီဂရမ် မှီဝဲသင့်ပါတယ်။
(၃) ဗီတာမင် B12
ဗီတာမင် B12 ဟာ ဦးနှောက်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ Gray Matter ကို အကျိုးပြုပါတယ်။ ဗြိတိန်လေ့လာမှု တစ်ရပ်အရ ဗီတာမင် B12 အဆင့်နည်းတဲ့ အသက်ကြီးသူတွေက ဗီတာမင် B12 အမြင့်ဆုံးရှိနေသူနဲ့ ယှဉ်ရင် ငါးနှစ်အတွင်း ဦးနှောက်ထုထည် ဆုံးရှုံးမှု မြန်ဆန်ကြောင်း သိရပါတယ်။
ဗီတာမင် B12 ရရှိအောင်
သိုးသားနဲ့ ဆယ်လ်မွန်ငါးတွေမှာ ဗီတာမင် B 12 များစွာ ပါဝင်နေပါတယ်။ ပရိုတင်းဓာတ်နဲ့တွဲပြီး ရှိနေတတ်ပါတယ်။ အားဖြည့် ကွေကာထဲမှာ ဗီတာမင် B 12 အမြင့်ဆုံး ပါဝင်ပါတယ်။
(၄) ပိုတက်စီယမ်
ပိုတက်စီယမ်မရှိရင် နှလုံးက ကောင်းကောင်းခုန်နိုင်မှာ မဟုတ်သလို ကြွက်သားတွေကလည်း ကောင်းစွာ ကျုံ့ဆန့်နိုင်စွမ်းရှိမှာ မဟုတ်ပါဘူး။ ဦးနှောက်ကလည်း သတင်းအချက်အလက်တွေကို ကောင်းကောင်း ဘာသာပြန်နိုင်မှာ မဟုတ်ပါ။ ပိုတက်စီယမ်ဟာ ဆဲလ်တွေကို ဂလူးကို့စ် သုံးနိုင်အောင် ကူညီပါတယ်။ ဒါမှ စွမ်းအင်ရရှိ လာမှာပါ။
ပိုတက်စီယမ် ရရှိအောင်
သွေးထဲမှာ ဆိုဒီယမ်များနေရင် သွေးတိုးနိုင်ပါတယ်။ ပုံမှန် ပိုတက်စီယမ်အဆင့် ရှိနေမှသာ သွေးဖိအား ကောင်းမှာပါ။ ထောပတ်သီး တစ်လုံးမှာ ပိုတက်စီယမ် ၁၀၀၀ မီလီဂရမ် ပါဝင်ပြီး ငှက်ပျောသီးတစ်လုံးမှာ ပိုတက်စီယမ် ၄၀၀ မီလီဂရမ် ပါဝင်ပါတယ်။ အာလူး တစ်ခွက်မှာလည်း ပိုတက်စီယမ် ၁၆၀၀ မီလီဂရမ် ပါဝင်ပါတယ်။
(၅) အိုင်အိုဒင်း
သိုင်းရွိုက်ဂလင်းကနေ ဟော်မုန်း T3 နဲ့ T4 တို့ ထုတ်နိုင်ဖို့အတွက် အိုင်အိုဒင်း လိုအပ်ပါတယ်။ ဒီဟော်မုန်း နှစ်မျိုးစလုံးဟာ ကယ်လိုရီ လောင်ကျွမ်းမှုကို ထိန်းချုပ်ပေးထားပါတယ်။ အိုင်အိုဒင်း အလုံအလောက် မရှိတာက ကိုယ်အလေးချိန်တက်တာနဲ့ နုံးတာတွေကို ဖြစ်စေနိုင်ပါတယ်။
အိုင်အိုဒင်း ရရှိအောင်
အိုင်အိုဒင်းဟာ နို့မှာ ပါဝင်ပါတယ်။ ဥအမျိုးမျိုးနဲ့ ဒိန်ချဉ်ထဲမှာလည်း အိုင်အိုဒင်းဓာတ် ပါဝင်တာကြောင့် တစ်နေ့မှာ အနည်းဆုံး ဥတစ်လုံး ဒါမှမဟုတ် ဒိန်ချဉ်တစ်ခွက် စားပေးပါ။
Source: ကြယ်စင်(yatanarpon)