What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 11 March 2019 15:59

ကျန်းမာရေးအတွက် မရှိမဖြစ် ဗီတာမင် ( ၁၃ ) မျိုး

ခန္ဓာကိုယ်ပုံမှန်ကြီးထွား ဖွံ့ဖြိုးဖို့နဲ့ ကျန်းမာနေဖို့အတွက် လိုအပ်တဲ့ ပစ္စည်းများလို့ ဆိုပါစို့။ ဗီတာမင်တစ်မျိုးချင်းစီမှာ သင့်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုမယ့် သီးသန့်အကျိုးကျေးဇူးများရှိနေပါတယ်။

သင့်မှာ အခြေခံလိုအပ်တဲ့ ဗီတာမင်တွေ ချို့တဲ့လာပြီဆိုရင် သေးသေးလေးကနေ ကြီးကြီးမားမားထိ ကျန်းမာရေး ပြဿနာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒေါင်ဒေါင်မြည် ကျန်းမာနေဖို့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် (၁၃)မျိုးရှိပါတယ်။

 

Vitamin A

ဆဲလ်တွေကြီးထွားဖို့နဲ့ ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဖြစ်ပါတယ်။ အသားအရေ၊ ဆံပင်၊ သွားဖုံး၊ သွား၊ အရိုး နဲ့ ခန္ဓာကိုယ်ထဲက ဂလင်းတွေ ကျန်းမာနေဖို့ Vitamin A လုံလောက်စွာရရှိဖို့ လိုအပ်ပါတယ်။ ညဘက် အမြင်အာရုံနည်းခြင်းမှ ကာကွယ်ပေးနိုင်သလို အဆုတ်ကင်ဆာကိုလည်း တစ်နည်းတစ်ဖုံ ကာကွယ်ပေးနိုင်စွမ်ရှိပါတယ်။ ဆယ်လ်မွန်ငါး၊ ဥအနှစ်တွေနဲ့ ဖြည့်စွက် အာဟာရတွေ ပေါင်းစပ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းများမှာ Vitamin A ဓာတ်ကြွယ်ဝစွာ ပါဝင် ပါတယ်။

 

Vitamin D

သင်စားသုံးလိုက်တဲ့ အစားအစာများဆီမှ အရိုးများအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူနိုင်ဖို့ Vitamin D က ကူညီပေးပါတယ်။ အရိုးတွေ တည်ဆောက်ရာမှာ အရေးပါတဲ့ ဗီတာမင်ဖြစ်ပြီး သန်စွမ်းတဲ့ အရိုးနဲ့ ခိုင်မာတဲ့ သွားတွေပိုင်ဆိုင်ဖို့ Vitamin D ကို မရှိမဖြစ် လိုအပ်ပါတယ်။ဖြည့်စွက်အာဟာရတွေ ပေါင်းစပ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းများ၊ ပဲပိစပ်နဲ့ ဆန်မှ ပြုလုပ်ထားတဲ့ ဖျော်ရည်များ၊ ထောပတ်၊ ဥအနှစ်၊ ငါး၊ ငါးအသည်းဆီတို့မှ Vitamin D ကို ရရှိနိုင်သလို နေရောင်နဲ့ ထိတွေ့ချိန်မှာ လူတွေရဲ့ ခန္ဓာကိုယ် မှလည်း Vitamin D ကို ထုတ်လုပ်ပေးနိုင်ပါ တယ်။

 

Vitamin E

အရေးကြီးတဲ့ Antioxidant ဂုဏ်သတ္တိဆောင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်က ကြွက်သားတွေ၊ သွေးနီဥဆဲလ်တွေကို ထိန်းသိမ်းပေးပြီး ခန္ဓာကိုယ်အတွင်းက Fatty Acid တွေကို ကာကွယ်ပေးပါတယ်။ဥအမျိုးမျိုး၊ အသီးအရွက်အဆီ၊ Margarine ၊ Mayonnaise ၊ အခွံမာသီးတွေ၊ အစေ့အဆန်တွေနဲ့ ကောက်နှံတွေကနေ Vitamin E ကို ရရှိနိုင်ပါတယ်။

 

Vitamin K

ဗီတာမင် K ကတော့ လူသိနည်းတဲ့ ဗီတာ မင် အမျိုးအစားလို့ ဆိုနိုင်ပါတယ်။ လိုအပ်တဲ့ အချိန်မှာ သွေးခဲဖို့အတွက် မရှိမဖြစ် ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ ဟင်းနုနွယ်၊ ဘရိုကိုလီ၊ အစိမ်းရောင်ဟင်းရွက်များနဲ့ အသည်းထံမှ Vitamin K ကို ရရှိနိုင်ပါတယ်။

 

Vitamin C (Ascorbic Acid)

သွေးကြောတွေရဲ့ နံရံကို သန်မာစေတဲ့ ဗီတာမင်ဓာတ်ဖြစ်ပါတယ်။ အနာကျက်မြန်စေနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး သံဓာတ်စုပ်ယူမှုကို လည်း အားကောင်းစေပါတယ်။ သွေးကြောတွေပျက်စီးပြီး မာခဲလာတတ်တဲ့ရောဂါ (Atherosclerosis) ကိုလည်း ကာကွယ်ပေးနိုင်ပြီး ကိုယ်ခံစွမ်းအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် အစွမ်းထက်တဲ့ Antioxidant ဂုဏ်သတ္တိလည်း ရှိပါသေးတယ်။ သံပုရာမျိုးရင်းဝင် အသီးများ၊ ဖရဲသီး၊ ဘယ်ရီမျိုးရင်းဝင် အသီးများ၊ ငရုတ်သီး၊ ဘရိုကိုလီ၊ အာလူးစတာတွေကနေ Vitamin C ကို ရရှိနိုင်ပါတယ်။

 

Thiamine (VitaminB1)

ဇီဝကမ္မဖြစ်စဉ်အတွက် လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ အစာခြေစနစ်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ အစားစာလိုစိတ်ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးနိုင်ပြီးကောင်းမွန်တဲ့ အာရုံကြောစနစ်ဖြစ်စေဖို့လည်း ကူညီပေးပါတယ်။ ၀က်သား၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ၊ အစေ့အဆန်များ၊ ကောက်နှံ၊ စပါး နဲ့ ပြောင်းစေ့ တို့ကနေ Thiamine (VitaminB1) ကို ရရှိနိုင်ပါတယ်။

 

 

Riboflavin (Vitamin B2)

စွမ်းအင်ထုတ်လုပ်တဲ့ ဇီဝကမ္မဖြစ်စဉ်အ တွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် အမျိုးအစား ဖြစ်ပါတယ်။ ကျောက်ကပ်အနီးရှိ အဒ်ရီနယ်လ် (Adrenal) ဂလင်းရဲ့ လုပ်ငန်းတွေကိုလည်း ကူညီပေးနိုင်ပါတယ်။ Adrenalin ဟော်မုန်းကို စိတ် လှုပ်ရှားတဲ့အခါ အဒ်ရီနယ် ဂလင်းများက ထုတ်ပေးပြီး နှလုံးခုန်နှုန်း၊ စွမ်းအင်နှင့် တုံ့ပြန်မှုကို ပိုမိုထက်မြက်စေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ အမြင်အာရုံကိုလည်း ကောင်းမွန်စေပါ တယ်။ အသားအရေကိုလည်း ကျန်းမာနုပျိုစေပါ တယ်။ ဖြည့်စွက်အာဟာရပါဝင်တဲ့ Cereal ၊ ဆန်၊ အဆီမပါတဲ့ အသား၊ မွေးမြူရေးအသား၊နို့ထွက်ပစ္စည်းများ၊ မှို စတဲ့ အစားအစာတွေမှာ Riboflavin (Vitamin B2) ကြွယ်ဝစွာပါဝင်ပါတယ်။

 

Niacin (Vitamin B3)

အသက်ရှင်သန်ဖို့ လိုအပ်တဲ့ စွမ်းအင်ဖြစ်ပေါ်စေတဲ့ ဇီဝကမ္မဖြစ်စဉ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဖြစ်ပါတယ်။ ပုံမှန်ကြီး ထွားမှုဖြစ်စဉ်ကိုလည်း တိုးတက်စေပါတယ်။ ကိုလက်စထရော ပမာဏကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အဆီမပါတဲ့ အသား၊ မွေးမြူရေးအသား၊ ပင်လယ်စာ၊ နို့၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးနဲ့ ကောက်နှံတွေမှာ Niacin (Vitamin B3) ပါဝင်ပါ တယ်။

 

Pantothenic Acid (Vitamin B5)

Pantothenic Acid (Vitamin B5) ကလည်း ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်းက သကြားဓာတ်ပမာဏကို ပုံမှန်အတိုင်းရှိနေစေဖို့ ထိန်းသိမ်းပေးထားသလို ခန္ဓာကိုယ်ကို ပြင်ပက တိုက်ခိုက်လာတဲ့ ရောဂါပိုးမွှားတွေကို ပြန်လည်တွန်းလှန်ပေးမယ့် Antibodies တွေကို ပေါင်းစပ်စုစည်းရာမှာလည်း Pantothenic Acid (Vitamin B5) က အရေးပါပါတယ်။ ဒါ့အပြင် ကိုလက်စထရော၊ ဟီမိုဂလိုဘင်၊ ဟော်မုန်းတွေကို ပေါင်းစပ်စုစည်းရာမှာလည်း ကူညီ ပေးနိုင်ပါတယ်။ အစားအစာ အားလုံးနီးပါးမှာ Pantothenic Acid (Vitamin B5) အမျိုးအစားပါဝင်ပါတယ်။

 

Pyridoxine (Vitamin B6)

ပရိုတင်းထုတ်လုပ်တဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေပါတယ်။ စားသုံးလိုက်တဲ့ အစားအစာများဆီက ကာဗိုဟိုက်ဒြိတ်ကို စွမ်းအင်အဖြစ်ပြောင်းလဲတဲ့ လုပ်ငန်းကိုလည်း ပိုမိုအားကောင်းစေပြီး အာရုံကြောအဖွဲ့အစည်းကိုလည်း အကူအညီ ဖြစ်စေပါတယ်။ သွေးနီဥဆဲလ်တွေကိုစုစည်းပေးပြီး သွေးအားကောင်းစေပါတယ်။ အသား၊ ငါး၊ ဆန်၊ ကောက်နှံ၊ ငှက်ပျောသီး၊ အစိမ်းရောင်ဟင်းရွက်များ၊ အာလူးနဲ့ ပဲပိစပ်တို့ မှာ Pyridoxine (Vitamin B6) ကြွယ်ကြွယ်၀၀ ပါဝင်ပါတယ်။

 

Biotin (Vitamin B7)

ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုမှန်သမျှအတွက် စွမ်းအင်လိုအပ်ပါတယ်။ သင်လှုပ်ရှားနေတဲ့ အချိန်ဖြစ်စေ၊ စဉ်းစားနေတဲ့အချိန်ဖြစ်စေ၊ အိပ်စက်နေတဲ့ အချိန်ဖြစ်ရင်တောင်မှ သင့်ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေ အလုပ်လုပ်နေဖို့ စွမ်းအင် ပမာဏကြီးကြီးမားမားလိုအပ်ပါတယ်။ ဒီလိုအပ်တဲ့ စွမ်းအင်ကို သင်နေ့စဉ်စားသုံးလိုက်တဲ့ အစားအစာများဆီကရရှိပြီး စွမ်းအင်ဖြစ်ပေါ်လာအောင် ဆောင်ရွက်ရတဲ့ ဇီဝကမ္မဖြစ်စဉ်တွေအ တွက် Biotin (Vitamin B7) ကို လိုအပ်ပါတယ်။ ဥအနှစ်၊ ပဲပိစပ်၊ ဆန်၊ အခွံမာသီးတွေ စားသုံးပေးခြင်းဖြင့် Biotin (Vitamin B7) ကို ရရှိ နိုင်ပါတယ်။

 

Folate, Folic Acid (Vitamin B9)

DNA ၊ RNA ၊ သွေးနီဥဆဲလ်တွေဖြစ်ပေါ်ဖို့ လိုအပ်တဲ့ ဗီတာမင် အမျိုးအစားဖြစ်ပါတယ်။ အမိုင်နိုအက်ဆစ်တွေ ပေါင်းစပ်ဖြစ်ပေါ်ဖို့လည်း လိုအပ်ပါတယ်။ အမျိုးသမီးတွေ အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်လောင်းတွေအတွက် အလွန်အရေးကြီးတဲ့ ဗီတာမင် အမျိုးအစားဖြစ်ပြီး ကလေးမွေးဖွားစဉ် ချို့ယွင်းမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အသည်း၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ ကညွတ်၊ လိမ္မော်ရည်၊ ထောပတ်သီး၊ ပဲ အမျိုးမျိုးကနေ Folate, Folic Acid (Vitamin B9) ကိုရရှိနိုင်ပါတယ်။

 

Cobalamin (Vitamin B12)

သွေးနီဥဆဲလ်တွေ၊ DNA ၊ RNA တွေ ပြုလုပ်နိုင်ဖို့အတွက် Cobalamin (Vitamin B12) လိုအပ်ပါတယ်။ နာ့ဗ်ကြောအမျှင် လေးတွေကို ၀န်းရံထားတဲ့ Myelin ပစ္စည်းတွေအတွက်လည်း အရေးပါတဲ့ ဗီတာမင်ဖြစ်ပါတယ်။အသား၊ နို့ထွက်ပစ္စည်းနဲ့ ဥအမျိုးမျိုးကနေ ဒီဗီတာမင်ကို ရရှိနိုင်ပါတယ်။

 

Source:myanmarpeoplemagazine

Health Products Directoy

Read times
Rate this item
(1 Vote)