What's New


Monday, 30 September 2019 10:52

“ရွှေဆေး” အမှတ်တံဆိပ်ပါ အကိုက်အခဲပျောက်ဆေးသည် သွေးကြောပေါက်သည်အထိ ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်

သွေးကြောပေါက်သည့်အဆင့်ထိ ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သည့် “ရွှေဆေး” တံဆိပ်ပါ အဆစ်အမြစ် အကိုက်အခဲပျောက် တိုင်းရင်းဆေးများ ရောင်းချနေမှုရှိ မရှိ အောင်လံမြို့နယ်တွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဌာနထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အောင်လံမြို့ တိုင်းရင်းဆေးဆိုင်များတွင် သွေးကြောပေါက်သည်အထိ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပြီး အနောက်တိုင်းဆေးတစ်မျိုးဖြင့် ရောနှော ဖော်စပ်ထားသည့် ရွှေဆေး အမှတ်တံဆိပ်ပါ အဆစ်အမြစ်အကိုက်အခဲပျောက် တိုင်းရင်းဆေးများ ရောင်းချနေမှုရှိ မရှိကို အောင်လံမြို့နယ် စားသုံးသူရေးရာဌာနမှ ဦးဆောင်၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

“ဆေးဆိုင်တွေကို ကြိုတင် အသိပေးမထားဘဲ ရှောင်တခင် ဝင်စစ်တာပါ။ ရွှေဆေး အမှတ်တံဆိပ် အဆစ်အမြစ်အကိုက်အခဲပျောက် တိုင်းရင်းဆေး ရောင်းချမှုရှိ မရှိပေါ့။

 

ဒီဆေးက အနောက်တိုင်းဆေး Diclofenac နဲ့ ရောစပ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ရောင်းချခွင့် ပိတ်ပင်ထားတာပါ။ ဆေးက သောက်ဆေးမှုန့်ပေါ့။ ဒီဆေးမှာ ဘေးထွက်ဆိုးကျိုးတွေ အများကြီးဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

အစာအိမ်အူလမ်းကြောင်းကို ဒုက္ခပေးနိုင်သလို သွေးကြောပေါက်တဲ့အဆင့်အထိ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်လို့ စားသုံးရန် မသင့်တဲ့ဆေးပါ။ စစ်ဆေးချက်အရတော့ တိုင်းရင်းဈေးဆိုင်တွေမှာ ရောင်းချတာမျိုးတွေ မတွေ့ရပါဘူး”ဟု အောင်လံမြို့နယ် စားသုံးသူရေးရာဦးစီးမှူး ဦးကျော်မျိုးမင်းက ပြောကြားသည်။

 

စားသုံးသူရေးရာဌာန အပါအဝင် မြန်မာ့တိုင်းရင်းဆေးဌာန၊ စည်ပင်ဌာန စသည့် ပူးပေါင်းအဖွဲ့က အောင်လံမြို့ပေါ်ရှိ တိုင်းရင်းဆေးဆိုင်ကြီး ခြောက်ဆိုင်အား ရွှေဆေးတံဆိပ်ပါ အဆစ်အမြစ် အကိုက်အခဲပျောက်ဆေး ရောင်းချနေမှုရှိ မရှိ စစ်ဆေးခဲ့ပြီး ဈေးကွက်အတွင်း အဆိုပါဆေး ရောင်းချနေမှု မတွေ့ခဲ့ရကြောင်း သိရသည်။

4_117.jpg

 

Source Eleven media

Read times
Rate this item
(0 votes)