What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 27 March 2020 10:56

မင်္ဂလာတောင်ညွန့်ရှိ COVID-19 ပိုးတွေ့သူနှင့် မိသားစုဝင်နှစ်ဦးကို ဝေဘာဂီဆေးရုံသို့ပို့ထား

90251442_832926683874316_4730726126572273664_n.png

ရန်ကုန်-COVID-19 ပိုးတွေ့ရှိသော မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အသက်(၆၉)နှစ်အရွယ်အမျိုးသားနှင့် ၎င်း၏မိသားစုဝင်နှစ်ဦးကို ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ထားကြောင်း ယင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

 

ရောဂါပိုးတွေ့ရှိသူနှင့် အတူနေမိသားစုများနေထိုင်လျက်ရှိသော မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၁၀၈)၊၁၀၁ လမ်းရှိ ရှစ်ထပ်တိုက်အား ယနေ့နံနက်ကစတင်ကာ Lockdown ချ၍ နေအိမ်အဝင်အထွက် ကန့်သတ် ထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။


"ကျွန်တော်တို့ ဒီကနေ့နံနက်ပိုင်းမှာပဲ ရောဂါပိုးတွေ့ရှိသူနေထိုင်တဲ့ ရှစ်ထပ်တိုက်ကို တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး Lockdown လုပ်လိုက်တယ်။ တစ်တိုက်လုံးက သူ့(ပိုးတွေ့လူနာ) မိသားစုဝင်တွေပဲ နေထိုင်ကြတာ"ဟု ဦးလှဌေးက ပြောသည်။


ထို့ပြင် လူနာနှင့် မိသားစုဝင်များအသုံးပြုခဲ့သော အိမ်စီးကားနှင့် နေအိမ်ဝန်းကျင်ကိုလည်း ကျန်းမာရေး ဝန်ထမ်းများနှင့် စည်ပင်သာယာဝန်ထမ်းများပူးပေါင်းကာ ပိုးသတ်ဆေးများဖျန်းထားကြောင်း ၎င်းက ရှင်းပြသည်။


COVID-19 ပိုးကူးစက်ခံရသော အမျိုးသားသည် လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက နှာခေါင်းကင်ဆာရောဂါ ခံစားနေရပြီး ရောဂါကုသရန်သြစတြေးလျနိုင်ငံသို့သွားရောက်၍ ပြန်ရောက်လာချိန်တွင် ရောဂါပိုးကူးစက် ခံရမှုနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်ဟု ဦးလှဌေးက ဆိုသည်။


လက်ရှိအခြေအနေတွင် ယင်းလူနာသည် ကင်ဆာရောဂါ၏ နောက်ဆုံးအဆင့်ကို ခံစားနေရပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မတ် ၂၇ နံနက် ၁ နာရီ ၄၅ မိနစ်ထုတ်ပြန်ချက်အရ ပိုးတွေ့သူနှစ်ဦးထပ်မံတိုးလာပြီး တစ်နိုင်ငံလုံးတွင် COVID-19 ရောဂါကူးစက်ခံရသူ ငါးဦးအနက် အသက်အကြီးဆုံးလည်း ဖြစ်သည်။


ဝန်ကြီးဌာနထုတ်ပြန်ချက်တွင်ပါဝင်သော ရောဂါပိုးတွေ့ရှိသူ နောက်တစ်ဦးမှာ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာအိမ်ရာတွင်နေထိုင်သော အသက် ၃၃ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းနေထိုင်သောတိုက်တန်းကိုလည်း တာဝန်ရှိသူများက နေအိမ်ဝင်ထွက်ကန့်သတ်ထားသည်။

7Day News Journal

 

Read times
Rate this item
(0 votes)