What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 27 March 2020 21:49

မြန်မာ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကာကွယ်ရေးဝတ်စုံတွေ လိုအပ်နေ

မြန်မာ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကာကွယ်ရေးဝတ်စုံတွေ လိုအပ်နေ VOA Burmese

90251442_832926683874316_4730726126572273664_n.png

မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်ဓါတ်ခွဲစမ်းသပ်မှုတွေကို ဘယ်လိုဆောင်ရွက်ပေးနေသလဲဆိုတာ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန NHL ကို ဆက်သွယ်မေးမြန်းထားတာ တင်ဆက်ပေးပါမယ်။ VOA သတင်းထောက် မစုစု သတင်းပေးပို့ထားတာပါ။

 

COVID-19 ရောဂါရှိမရှိ မြန်မာနိုင်ငံတွင်းက စောင့်ကြည့်နဲ့ သံသယလူနာတွေကို ဓာတ်ခွဲအတည်ပြုပေးနေတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHLက သူတို့ရဲ့ဓာတ်ခွဲအဖြေတွေဟာ တိကျမှုရှိတယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရှိ၊ မရှိ ဓာတ်ခွဲအတည်ပြုနိုင်ဖို့အတွက် လိုအပ်တဲ့ ဓာတ်ခွဲပစ္စည်းတွေ လုံလောက်မှုရှိနေပေမဲ့ ဒါတွေကိုဓာတ်ခွဲစစ်ဆေးမယ့် ကျန်းမာရေးဝန်ထမ်းအတွက် တကိုယ်ရည်ရောဂါကာကွယ်ရေး ဝတ်စုံ PPE ကတော့ လိုအပ်မှုရှိနေတယ်လို့ NHL ရဲ့ တာဝန်ရှိသူကပြောပါတယ်။

 

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှာ COVID-19 ရောဂါ စောင့်ကြည့်နဲ့သံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို Polymerase Chain Reaction (PCR) နည်းပညာနဲ့ ဓာတ်ခွဲစမ်းသပ်ပေးနေတယ်လို့ ပြောပါတယ်။ အဲဒီနည်းပညာဟာ ကမ္ဘာနဲ့တဝှမ်း တခြားနိုင်ငံတွေမှာလည်း ဒီရောဂါရှိ မရှိဆိုတာကိုစစ်ဆေးရာမှာ အသုံးပြုနေတဲ့စနစ်လည်း ဖြစ်ပါတယ်။

 

ဒီရောဂါကို ဓာတ်ခွဲစစ်ဆေးရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားတဲ့အတိုင်း ဆောင်ရွက်နေပြီး ရည်ညွှန်းဓာတ်ခွဲခန်းဆီကို သတ်မှတ်ထားတဲ့ဦးရေအတိုင်း ပေးပို့ပြီး အဖြေမှန် မမှန်ကိုလည်း တိုက်ဆိုင်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ NHL ရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာဆွေတင်က ဗွီအိုအေကိုပြောပါတယ်။

 

“ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း အစကတည်းက ပြောထားတယ်။ Negativeက ၁၀ယောက်၊ Positive က ငါး ယောက်ပေါ့နော်။ သူတို့ရဲ့အဖြေတွေကို ရည်ညွှန်းဓာတ်ခွဲခန်းနဲ့ အဖြေပြန်တိုက်ရမယ်ဆိုတာ။ Negative အဖြေထွက်ထားပြီး သေဆုံးသွားတဲ့ လူနာတွေရဲ့ အဖြေကိုလည်း ရည်ညွှန်းဓာတ်ခွဲခန်းဆီ ပိုသေချာသွားအောင်ပို့လိုက်တယ်။ ထိုင်းဘက်ကလည်း အဲဒီလိုအဖြေပြန်လာတယ်။ သူတို့စစ်လိုက်တာလည်း Negative ဆိုတာကို။ ဖြစ်ချင်တော့ အဲဒီအဖြေပြန်ပို့တဲ့ညက Positive နှစ် ယောက်စထွက်တယ်လေ။ နောက်တနေ့မှာပဲ သူတို့ရဲ့ဓာတ်ခွဲနမူနာကို ထိုင်းကိုပို့လိုက်တယ်။ အဲဒီမှာလည်း Positive ပဲ။ တတိယဓာတ်ခွဲအတည်ပြုလူနာရဲ့ အဖြေကိုလည်း ပို့လိုက်တာ မနေ့ညကပဲ ဒီကအဖြေမှန်တဲ့အကြောင်း ပြန်လာပြီးသွားပြီ။ အဲတော့ အမတို့ရဲ့အဖြေအရည်အသွေးနဲ့ ပတ်သက်ပြီး အမတို့က အာမခံနိုင်သွားတာပေါ့။”

 

လူနာတွေမှာ ဒီရောဂါပိုးရှိ မရှိဆိုတာကို မထုတ်ပြန်ခင်မှာ အကြိမ်ကြိမ်စစ်ဆေးမှုတွေ လုပ်ခဲ့တယ် ဆိုတဲ့အကြောင်းကိုလည်း ဒေါက်တာဥမ္မာဆွေတင်က ဆက်ပြောပါတယ်။

 

“အဖြေတွေထွက်လာလို့ Positive တွေ ပါလာပြီဆိုလို့ရှိရင် အမတို့က နောက်ထပ် သုံးခေါက် ပြန်စစ်တယ်။ အဲဒီသုံးခေါက်ကတော့ အမတို့ဆီမှာရှိနေတဲ့ ဂျပန်နဲ့ ထိုင်းကလာတဲ့စက်ပစ္စည်းတွေနဲ့ နောက်ထပ်သုံးခေါက်ပြန်စစ်တယ် ဒီ Positive Sample ကို။ Negative ထွက်တိုင်းလည်း အစ်မတို့က လူနာကို ချက်ချင်းပေးမဆင်းဘူး။ လူနာသက်သာလား၊ မသက်သာဘူးလား အဲလိုလူနာရဲ့အခြေအနေကို ကြည့်သေးတယ်။ အမတို့က တခေါက်တည်း စစ်လိုက်တာမဟုတ်ဘူး။ အမတို့ဘက်က တခေါက်စစ်လည်း Negative၊ နှစ်ခေါက်စစ်လည်း Negative ဆိုမှ လူနာကိုပြန်လွှတ်လိုက်တာ။ လွှတ်လိုက်ရင်လည်း အိမ်မှာ ၁၄ ရက် ထပ်ပြီးတော့ Home Quarantine နေပါဆိုပြီးမှာလိုက်တာ။”

 

မြန်မာနိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်နဲ့ သံသယလူနာပေါင်း ၃၂၃ ဦးရှိခဲ့ပြီး မနေ့က ညထုတ်ပြန်ချိန်အထိဆို လူနာပေါင်း ၂၅၈ ဦးမှာ ဒီရောဂါပိုး မရှိကြောင်းကို အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူကတော့ ငါးဦးရှိနေပြီး၊ ဓာတ်ခွဲစစ်ဆေးဖို့ ပေးပို့ထားသူ ၆၀ ရဲ့ ရလဒ်ကိုတော့ စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။

 

ဒီလူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာအဆင်သင့်ရှိနေပေမဲ့ ဒါတွေကိုဆောင်ရွက်ရမယ့် ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ PPE ဝတ်စုံကိုလှူဒါန်းမယ့် အလှူရှင်တွေကို ကြိုဆိုနေကြောင်းလည်း ဒေါက်တာဥမ္မာဆွေတင်က ပြောပါတယ်။

 

“စစ်ဆေးပေးဖို့Reagents တွေကတော့ လောက်ပါတယ်။ အဓိက ကတော့ PPE လိုမျိုးကတော့ အလှူရှင်တွေ ထပ်ပြီးတော့ လှူနိုင်ရင်တော့ ကောင်းတာပေါ့နော်။ ဘယ်လောက်ပဲလှူလှူပါ။ အမတို့က တခေါက်ပဲစစ်ရင်တောင်မှ တနေ့ကိုအနည်းဆုံး ၁၅ ထည်လောက် ကုန်တာဆိုတော့ လိုအပ်ချက်ကတော့ အမြဲတမ်းရှိနေနိုင်တာပေါ့။ ဒါပေမဲ့ အခုလောလောဆယ်ကတော့ တတ်နိုင်သလောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့၊ ဒီပြင့် NGO အဖွဲ့အစည်းတို့၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကတော့ လာတော့ လှူနေကြပါတယ်။ ဒါပေမယ့်လည်း ထပ်ပြီးတော့ အလှူရှင်တွေရှိနေသေးတယ်ဆိုရင်တော့ အမတို့ဘက်က ကြိုဆိုနေပါတယ်။”

 

ဒီကနေ့စာရင်းတွေအရ နိုင်ငံပေါင်း ၁၉၉ နိုင်ငံကို ကူးစက်ခဲ့ပြီး လူပေါင်း ၅၄၀,၀၀၀ ကျော်ကို ကူးစက်ခဲ့တာပါ။ စုစုပေါင်းသေဆုံးသူကတော့ ၂၄,၀၀၀ ကျော်ရှိခဲ့ပေမဲ့ ရောဂါသက်သာလာသူ အရေအတွက်ဟာလည်း ၁၂၀,၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

ပြည်သူလူထုအနေနဲ့ လူထူထပ်တဲ့နေရာတွေကို မသွားဖို့၊ လက်နဲ့ မျက်နှာ နှာခေါင်း ပါးစပ်တို့ကို မထိဖို့၊ ချောင်းဆိုးနှာချေရင် အုပ်စိုးဖို့အပါအဝင်၊ လက်ကိုဆပ်ပြာနဲ့ စနစ်တကျ သေချာဆေးကြောပေးဖို့နဲ့ ကိုယ်ခံအားကောင်းအောင် စားသောက်နေထိုင်ဖို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

 

ဒါတွေအပြင် အခုလိုအချိန်မှာ မြန်မာနိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ဓာတ်ခွဲအတည်ပြုလူနာ ငါးဦးအထိ ရှိထားပြီး နေရပ်ပြန်လာသူတွေကိုလည်း အသွားအလာကန့်သတ်ထားချိန်မှာ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အချက်တွေအတိုင်း ပြည်သူတွေလိုက်နာကြဖို့ကိုလည်း သတိပေးထားပါတယ်။

 

VOA Burmese

Read times
Rate this item
(1 Vote)