What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 01 April 2020 09:42

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာ တရက်ကို လူနှစ်ထောင်သေဆုံးနိုင်

90251442_832926683874316_4730726126572273664_n.png

 

မြန်မာစံတော်ချိန် မနက် လေးနာရီစာရင်းအရ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ရှစ်သိန်းခွဲနဲ့ သေဆုံးသူ လေးသောင်းတစ်ထောင်ကျော် ရှိပြီး အမေရိကန်ပြည်ထောင်စုမှာတော့ ကူးစက်သူ တစ်သိန်းရှစ်သောင်းကျော်နဲ့ သေဆုံးသူ သုံးထောင့်ခုနှစ်ရာကျော် ရှိနေပါပြီ။

 

အမေရိကန်နိုင်ငံတဝန်း မနေ့က တစ်ရက်တည်းမှာတင် လူ (၇၇ဝ) ကျော်သေဆုံးပြီး အခုဧပြီလအတွင်းမှာ တရက်ကို လူ နှစ်ထောင်လောက် သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာပေါ်မှာ လက်ရှိအချိန်ထိ သေဆုံးသူအများဆုံးဖြစ်တဲ့ အီတလီနိုင်ငံမှာ လူ (၁၂ဝဝဝ) လောက်နဲ့ ဒုတိယဖြစ်တဲ့ စပိန်နိုင်ငံမှာ လူ (၈၃ဝဝ) လောက် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

 

နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ မေတ္တာရပ်ခံချက်အရ အငြိမ်းစားယူသွားတဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်း ရှစ်သောင်းလောက် အခု ပြန်လည်လာရောက်ပြီး ကူညီကုသပေးနေကြပါတယ်။

 

ဒီအတောအတွင်း ဥရောပတိုက်မှာ အထိနာဆုံးဖြစ်တဲ့ အီတလီ၊ စပိန်နဲ့ ပြင်သစ်နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရတဲ့ သက်ကြီးရွယ်အိုတွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ အလုံအလောက် မပေးနိုင်ခဲ့ဘူးလို့ AP သတင်းဌာနက စုံစမ်း ဖော်ထုတ်လိုက်ပါတယ်။ အဲဒီအသက်ကြီးသူတွေနေထိုင်တဲ့ ရိပ်သာတွေမှာ ဆရာဝန်တွေက ဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို ဂရုစိုက်ကုသခဲ့တာ မရှိသလို ဆေးရုံတွေကလည်း အသက်ရှင်ဖို့ အခွင့်အလမ်းနည်းတဲ့ သက်ကြီးရွယ်အိုတွေကို လက်ခံ ကုသပေးဖို့ ငြင်းဆန်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

ဖင်လန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တယ်လို့ သံသယရှိသူတွေထံက ရယူထားတဲ့ နမူနာဂွမ်းစတွေကို သူတို့နိုင်ငံမှာ အားလုံး မစစ်ဆေးနိုင်တဲ့အတွက် တောင်ကိုရီးယားနိုင်ငံမှာ စစ်ဆေးဖို့ မနေ့ကစပြီး ပို့ဆောင်နေပြီ ဖြစ်ပါတယ်။ ပထမဆုံးလေယာဉ်မှာ နမူနာဂွမ်းစ ၁၅ဝဝ ပါဝင်ပြီး ၁၈ဝဝဝ အထိ လတ်တလော ပို့ဆောင်မယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ရောဂါစစ်ဆေးရေးနဲ့ ထိန်းချုပ်ရေးလုပ်ငန်းတွေကို ကမ္ဘာ့နိုင်ငံတွေက ချီးမွမ်းခဲ့ကြပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်ဖို့ ကမ္ဘာ့ဆေးဝါးကုမ္ပဏီတွေနဲ့ သုတေသနပညာရှင်တွေက ကြိုးစားနေကြပေမယ့် ဥရောပသမဂ္ဂ ဆေးဝါးအဖွဲ့က ဗိုင်းရပ်စ်ကာကွယ်ဆေးကို အသုံးပြုတဲ့အဆင့်အထိ ရောက်ဖို့အတွက် နောက်ထပ် ၁ နှစ်လောက် အနည်းဆုံးလိုဦးမယ်လို့ မနေ့ ပြောပါတယ်။

 

အမေရိကန်ကားကုမ္ပဏီ Tesla တက်စလာက သူတို့ကုမ္ပဏီက ထုတ်လုပ်တဲ့ အစိုးရအသိအမှတ်ပြု အသက်ရှူစက်တွေကို ပစ္စည်းဖိုးနဲ့ ပို့ဆောင်ခ တစုံတရာ မယူဘဲ ဆေးရုံတွေကို အခမဲ့ပေးမယ်လို့ မနေ့က ကြေညာပါတယ်။ ကုမ္ပဏီ အကြီးအကဲ တဦးက အခုလို ထောက်ပံ့တဲ့အတွက် မိမိတို့ ကုမ္ပဏီက အပြန်အလှန် အားဖြင့် အချက်တခုပဲ တောင်းဆိုပါတယ်။ အဲဒါကတော့ ဒီအသက်ရှူစက်တွေကို သိုလှောင်သိမ်းဆည်းမထားဘဲ လိုအပ်တဲ့လူနာတွေထံကို ချက်ခြင်း ရောက်ရှိရေးပါပဲလို့ ပြောပါတယ်။

 

ဒီအတောအတွင်း Walmart ဝေါလ်မာ့တ် ကုန်တိုက်ကြီးက သူတို့ အလုပ်သမားတွေကို လုပ်ငန်းခွင်မှာ အသုံးပြုဖို့ နှာခေါင်းစည်းနဲ့ လက်အိပ်တွေ ထုတ်ပေးပြီး မကြာခင် ကိုယ်အပူချိန်တိုင်းမယ်လို့ ပြောပါတယ်။ ကိုယ်အပူချိန် ၁ဝဝ ဒီဂရီ ကျော်တဲ့သူတွေကို အိမ်ပြန်လွှတ်မှာ ဖြစ်ပေမယ့် လုပ်ခလစာအပြည့် ပေးမယ်လို့ ဆိုပါတယ်။ Ford ဖို့ထ် ကားကုမ္ပဏီကလည်း အလုပ်သမားတွေကို အလုပ်ခွင်မလာခင် အွန်လိုင်းကနေ နေ့စဉ် ကျန်းမာရေး စစ်ဆေးမှာဖြစ်ပြီး အန္တရာယ်ကင်းတယ်လို့ သတ်မှတ်သူတွေကိုသာ အလုပ်ဆင်းခွင့်ပေးမယ် လို့ ပြောပါတယ်။

 

အမေရိကန် ပစိဖိတ်ရေတပ်ဖွဲ့က ဝန်ထမ်း ၅ဝဝဝ ခန့့် ပါဝင်တဲ့ လေယာဉ်တင်သင်္ဘော Theodore Roosevelt ရဲ့ မာလိန်မှူးက သူ့ သင်္ဘောသားတွေကို ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကနေ အမြန်ဆုံး ကယ်တင်ဖို့ ရေတပ်အကြီးအကဲ တွေထံ စာတစောင်ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ သင်္ဘောပေါ်က သင်္ဘောသား တချို့မှာ ဗိုင်းရပ်စ်ပိုးကူးစက်နေပါတယ်။ အရေအတွက် အတိအကျကို စစ််ဌာနချုပ်က ထုတ်ပြန်ခြင်း မရှိပါဘူး။ မာလိန်မှူးက သူတို့ု သင်္ဘောသားတွေဟာ တိုက်ပွဲဝင်နေတာ မဟုတ်တဲ့အတွက် အသက်အသေခံစရာ အကြောင်း မရှိဘူးလို့ ပြင်းပြင်းထန်ထန် ရေးသားခဲ့တယ်လို့ ဆိုပါတယ်။ ရေတပ်ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့အနေနဲ့ လိုအပ်ချက်တွေကို အမြန်ဆုံးဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

 

AA (American Airlines) အမေရိကန်လေကြောင်းလိုင်းက ဗိုင်းရပ်စ်ကြောင့် စီးပွားရေး ထိခိုက်မှုကနေ သူတို့ ကုမ္ပဏီ လွတ်မြောက်ရှင်သန်နိုင်ရေးအတွက် အစိုးရထံကနေ ထောက်ပံ့ငွေ ဒေါ်လာ ၁၂ ဘီလီယံ တောင်းခံမယ်လို့ မနေ့က ပြောပါတယ်။

 

ဒီအတောအတွင်းမှာပဲ ဒီမိုကရက်တစ် အမတ်တချို့က ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွါးမှုကြောင့် လိုက်ပါစီးနင်းမယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ကြတဲ့ ခရီးသည်တွေကို လေကြောင်းလိုင်းတွေအနေနဲ့ လေယာဉ်လက်မှတ်ခ အပြည့်အဝ ပြန်အမ်းဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။ လေကြောင်းလိုင်းတွေဟာ အဲဒီလို အစီအစဉ် ဖျက်သိမ်းခဲ့သူတွေကို ငွေပြန်မအမ်းပဲ နောက်တချိန်မှာ စီးနင်းခွင့်ပြုမယ့် လက်မှတ်တွေပဲ ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

 

လွှတ်တော် အမတ်တွေက အမေရိကန်ပြည်သူတွေဟာ အခုအချိန်မှာ အဲဒီ လက်မှတ်တွေကို လိုချင်တာမဟုတ်ပဲ လတ်တလော သုံးစွဲဖို့ ငွေကြေးလိုအပ်နေသူတွေ ဖြစ်တဲ့အတွက် လေကြောင်းလိုင်းတွေ အနေနဲ့ သိက္ခာရှိရှိ တာဝန်သိသိ နဲ့ ငွေတွေပြန်ပေးပါလို့ ပြောပါတယ်။

 

အမေရိကန် လေကြောင်းလိုင်းတွေကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး နစ်နာမှုအတွက် ထောက်ပံငွေအဖြစ် အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံ ထောက်ပံ့ငွေပေးဖို့ အစိုးရက အတည်ပြုပြီး ဖြစ်ပါတယ်။

90165828_212716063139335_1462378197545910272_n.png

RFA Burmese

Read times
Rate this item
(0 votes)