What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 04 April 2020 10:43

နှာခေါင်းစည်း တပ်သင့် မတပ်သင့် ပညာရှင်တွေသုံးသပ်

90251442_832926683874316_4730726126572273664_n.png

 

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကိုထိန်းချုပ်နိုင်ရေး အတွက် လူတွေ နှာခေါင်းစည်း မျက်နှာဖုံးပိုတပ်သင့်သလား။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်WHO ရဲ့ ပညာရှင်တချို့က ကဒီမေးခွန်းနဲ့ပတ်သက်ပြီး ပြန်လည်ဆန်းစစ်နေပါတယ်။ ဗိုင်းရပ်စ်ဟာ နဂို ကထင်ထားတာထက် ပိုပြီးဝေးဝေးရောက်နိုင်သလား ဆိုတဲ့အချက်အပေါ်မှာ သုတေသီပညာရှင်တွေက ပြန်လည်ချင့်ချိန်နေကြတာဖြစ်ပါတယ်။

 

အမေရိကန်သုတေသီတွေရဲ့ လေ့လာချက်တခုအရ ဗိုင်းရပ်စ်ဟာ ချောင်းဆိုးရင် ပေ ၂၀ နီးပါး၊ နှာချေရင် ၂၅ ပေကျော်အထိရောက်နိုင်တယ်လို့ တွေ့ရှိလာတဲ့အတွက် ပြန်လည်သုံးသပ်ဖို့ ဖြစ်လာတာပါ။ အခုသုတေသန အသစ်ရဲ့ တွေ့ရှိချက်က နှာခေါင်းစည်းမျက်နှာဖုံးတပ်ဆင်ခြင်းနဲ့ ပတ်သက်တဲ့ အကြံပြုချက်ကို အပြောင်းအလဲဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်WHO ရဲ့သုတေသနပညာရှင်အဖွဲ့ခေါင်းဆောင် ပါမောက္ခဒေးဗစ် ဟေးမန်းက ဘီဘီစီကို ပြောပါတယ်။ပါမောက္ခဒေးဗစ်ဟေးမန်းဟာ WHO ရဲ့ဒါရိုက်တာဟောင်းတယောက်လည်း ဖြစ်ပါတယ်။

 

“တွေ့ရှိချက်အသစ်အပေါ်အခြေခံပြီး နှာခေါင်းစည်းမျက်နှာဖုံးတပ်သင့်မတပ်သင့် ဆိုတာနဲ့ပတ်သက်တဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်ရဲ့အကြံပြုချက်ကို ပြန်လည်ပြင်ဆင်ရေး ဆွေးနွေးနေပါတယ်”လို့လည်း သူကဆိုပါတယ်။

 

လက်ရှိအကြံပြုချက်

လက်ရှိအကြံပြုထားတာက ရောဂါမကူးစက်အောင် ချောင်းဆိုး၊ နှာချေသူနဲ့ အနည်းဆုံး ၃ ပေကျော်ခွာနေပါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ကအကြံပြုထားတာပါ။  တဆက်တည်းအကြံပြုတာကတော့ ကိုယ်တိုင်ဖျားနာနေသူ ရောဂါလက္ခဏာပြနေသူတွေသာ နှာခေါင်းစည်းမျက်နှာဖုံးတပ်ဆင်ကြဖို့ ဖြစ်ပါတယ်။ ကျန်းမာတဲ့သူအတွက်ဆိုရင် သံသယလူနာတယောက်ယောက်ကို ပြုစုကုသနေရမှ ဒါမှမဟုတ် ကိုယ်တိုင်က ချောင်းဆိုးနှာချေနေမှသာ တပ်ဆင်ဖို့လိုပြီး ကျန်တဲ့အချိန်မှာ နှာခေါင်းစည်း မျက်နှာဖုံးတပ်ဖို့ မလိုဘူးလို့ လက်ရှိအကြံပြုချက်က ဆိုထားတာပါ။

 

မျက်နှာဖုံးကို စနစ်တကျဖြုတ်တပ်မှသာ အကျိုးရှိမယ်ဆိုတာကိုလည်း အလေးအနက်ပြောထားပါတယ်။  ဗြိတိန်၊ အမေရိကန်နဲ့ နိုင်ငံတော်တော်များများက အကြံပေးထားတဲ့ လူချင်းခွာနေရေး အစီအစဉ်ဆိုတာကလည်း တယောက်နဲ့တယောက် ၂ မီတာ သို့မဟုတ် ၆ ပေခွဲနီးပါးသာခွာနေဖို့ပြောထားပါတယ်။ ဒီ ၆ ပေခွဲအကြံပေးချက်ဟာ ဗိုင်းရပ်စ်က အမှုန်အမွှားအရည်အစက်မှတဆင့် ကူးစက်တယ်ဆိုတဲ့ အချက်အပေါ် အခြေခံထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် ချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားအရည်အစက်အများစုဟာ အနီးနားပတ်ဝန်းကျင်မှာသာ ကျရောက်နိုင်လိမ့်မယ်လို့ တွက်ချက်အကြံပေးခဲ့တာ ဖြစ်ပါတယ်။

 

တွေ့ရှိချက်အသစ်ကဘာလဲ

မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် MIT ကသုတေသီတွေဟာ မြန်နှုန်းမြင့်ကင်မရာတွေနဲ့ ဆင်ဆာတွေကို အသုံးပြုပြီး ချောင်းဆိုးနှာချေတဲ့ ဖြစ်စဉ်ကို တိတိကျကျသိဖို့ လေ့လာခဲ့ပါတယ်။ အဲသလိုလေ့လာတဲ့အခါ တွေ့လာရတာက ချောင်းဆိုးနှာချေပြီး မှုတ်ထုတ်လိုက်တဲ့အခါ သေးငယ်တဲ့အခိုးအငွေ့တွေဟာ တိမ်လိုလွင့်ပါးပြီး အဝေးထိရောက်သွားတယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒီတိမ်တိုက်ထဲမှာ အရွယ်အစားအမျိုးမျိုးသော အမှုန်အမွှား အရည် အစက်တွေပါဝင်သွားနိုင်တာကို လည်း တွေ့ခဲ့ရပါတယ်။

 

လက်တွေ့ခန်းမှာ ပြုလုပ်ခဲ့တဲ့ အဲဒီစမ်းသပ်ချက်အရ ချောင်းဆိုးတဲ့အခါ အရည်အစက်ဟာ ၆ မီတာ သို့မဟုတ် ပေ ၂၀ နီးပါးအထိရောက်နိုင်ပြီး ချောင်းဆိုးတာထက် အရှိန်ပြင်းပြင်း နှာချေတဲ့အခါမှာဆိုရင် ၈ မီတာ သို့မဟုတ် ၂၅ ပေကျော်အထိတောင် ရောက်နိုင်တာကို တွေ့ခဲ့ရပါတယ်။

 

စဉ်းစားစရာအချက်

၂ မီတာ သို့မဟုတ် ၆ ပေခွဲနီးပါးခွာနေရင် စိတ်ချရတယ်ဆိုတဲ့ လက်ရှိအကြံပေးချက်နဲ့ ပတ်သက်ပြီး အဓိကစိုးရိမ်ပူပန်မိတယ်လို့ MIT သုတေသီအဖွဲ့ရဲ့ခေါင်းဆောင် ပါမောက္ခလစ်ဒီယာဘော်ရီဘာက ဆိုပါတယ်။

 

“ကျွန်မတို့ ချောင်းဆိုး နှာချေလိုက်တဲ့အခါ အခိုးအငွေ့ထုဟာ အရှိန်နဲ့ ထွက်လာပြီး အဝေးအထိရောက်နိုင်ပါတယ်။ အဲဒီအခိုးအငွေ့ထဲမှာ အရွယ်အစားအမျိုးမျိုးရှိတဲ့ အရည်အစက်တွေပါလာပြီး ပတ်ဝန်းကျင်မှာ ပြန့်သွားပါတယ်။ ၂ မီတာဆိုရင် စိတ်ချရတယ်ဆိုတဲ့ အယူအဆမှားထွက်ပေါ်လာတာက အရည်အစက်တွေဟာ အနားပတ်ဝန်းကျင်မှာပဲ ပြုတ်ကျသွားလိမ့်မယ်လို့ယူဆပြီး တွက်ချက်ခဲ့လို့ပါ။” လို့ ပါမောက္ခလစ်ဒီရာ ဘော်ရီဘာက ဘီဘီစီကို ပြောပါတယ်။

 

နှာခေါင်းစည်းမျက်နှာဖုံးအကြံပေးချက်ပြောင်းလဲတော့မလား

တချို့အခြေအနေတွေမှာ အထူးသဖြင့် လေဝင်လေထွက်မကောင်းတဲ့ အခန်းတွေထဲမှာဆိုရင် နှာခေါင်းစည်းတပ်တာဟာ အန္တရာယ်ဖြစ်နိုင်ခြေကို ပိုနည်းစေတယ်လို့ ပါမောက္ခလစ်ဒီရာဘော်ရီဘာက ဆိုပါတယ်။ ဥပမာပိုးရှိသူလူနာ တယောက်နဲ့ မျက်နှာချင်းဆိုင်ရတဲ့အခါ နှာခေါင်းစည်းမျက်နှာဖုံးတပ်ထားခြင်းအားဖြင့် တဖက်လူအသက်ရှူထုတ်လိုက်တဲ့လေဟာ ကိုယ့်ဆီတိုက်ရိုက်မလာဘဲ လမ်းကြောင်းပြောင်းသွားစေပါတယ်။ ဗိုင်းရပ်စ်ပါတဲ့အခိုးအငွေ့ဟာလည်း ကိုယ့်ပါးစပ်ကိုယ့်နှာခေါင်းနဲ့ ဝေးရာရောက်သွားပါတယ်။

 

“ပါးလျှပ်တဲ့ နှာခေါင်းစည်းမျက်နှာဖုံးတွေကတော့ အသေးဆုံးအမှုန်အစက်တွေကို မရှူသွင်းမိအောင် ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့က ကောင်းကောင်းစစ်မထုတ်နိုင်လို့ပါ” လို့ပါမောက္ခလစ်ဒီရာဘော်ရီဘာက ဆိုပါတယ်။“အဲသလိုစစ်မထုတ်နိုင်ပေမယ့် ကိုယ့်ဆီဦးတည်လာတဲ့ အခိုးအငွေ့ထုရဲ့အရှိန်ကတော့ အတားအဆီးအဟန့်အတားကြောင့် လမ်းကြောင်းပြောင်းပြီး တခြားဘက်ကို ဦးတည်သွားစေနိုင်ပါတယ်။” လို့သူကဆိုပါတယ်။ အမှုန်အမွှားအရည်အစက်ကို စစ်ထုတ်မထားနိုင်ရင်တောင် အကျိုးရှိသေးတယ်လို့ သူကဆိုပါတယ်။

 

WHO ပညာရှင်တွေ ဘယ်လိုစဉ်းစားလာသလဲ

MIT နဲ့တခြားတက္ကသိုလ်တွေရဲ့ သုတေသနအသစ် တွေ့ရှိချက်ကို ထည့်သွင်း စဉ်းစားရလိမ့်မယ်လို့ WHO ပညာရှင်ပါမောက္ခဟေးမန်းကဆိုပါတယ်။ ချောင်းဆိုး၊ နှာချေလို့ ပြန့်လွင့်သွားမယ့် အမှုန်အစက်ဟာ အရင်ကထင်ထားတာထက် ပိုဝေးဝေးရောက်နိုင်ရိုးမှန်ရင်ပြန်လည်သုံးသပ်ရမယ်လို့ဆိုပါတယ်။ “သူတို့သုတေသနအသစ်ရဲ့ အထောက်အထားကခိုင်မာတယ်ဆိုရင် နှာခေါင်းစည်းမျက်နှာဖုံးတပ်တာဟာ လူချင်းခွာတာနဲ့ တန်းတူထိရောက်ပါလိမ့်မယ်။ ပိုပြီးတောင်ထိရောက်ချင်ထိရောက်လိမ့်မယ်”လို့လည်းဆိုပါတယ်။

 

ဒါပေမယ့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ဖို့လိုမှာဖြစ်ကြောင်းကိုတော့ သူကထပ်လောင်းသတိပေးပါတယ်။ နှာခေါင်းပေါ်မှာ ပလပ်စတာခံပြီး နှာခေါင်းစည်းတပ်ဖို့လည်း သူကအကြံပြုပါတယ်။ တကယ်လို့ အစိုငွေ့ရှိလာရင် အမှုန်အမွှားတွေ ဖြတ်ဝင်နိုင်တယ်လို့ဆိုပါတယ်။ ဖြုတ်တဲ့အခါမှာလည်း လက်ကနေ နှာခေါင်းစည်းကို ပိုးမကူးစက်ဖို့ သတိထားဖြုတ်ရမယ်လို့ဆိုပါတယ်။

 

ဒါ့အပြင်နှာခေါင်းစည်းတပ်ရင် တဆက်တည်းတပ်ဖို့လည်း သူကအကြံပေးပါတယ်။ ဆေးလိပ်သောက်ချင်ရင် ချွတ်လိုက်ပြန်တပ်လိုက်၊ အစာစားချင်ရင် ချွတ်လိုက်ပြန်တပ်လိုက်မလုပ်ဘဲ တဆက်တည်းတပ်ဆင်ရမယ်လို့ဆိုပါတယ်။ နောက်ရက်အနည်းငယ်အတွင်းမှာ ပညာရှင်အဖွဲ့အစည်းအဝေးထိုင်ဖို့ရှိပါတယ်။

 

အင်္ဂလန်လူထုကျန်းမာရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဆေးရုံဆေးခန်းအပြင်ကလူတွေ မျက်နှာဖုံးတပ်ဆင်မှုတွေဟာ သိပ်အများကြီး မထိရောက်နိုင်ဘူးလို့ဆိုပါတယ်။ “မျက်နှာဖုံးဟာ မှန်မှန်ကန်ကန်တပ်ဆင်ဖို့လိုတယ်။ မကြာခဏလဲဖို့လိုတယ်။ စနစ်တကျဖြုတ်ဖို့လိုတယ်။ အန္တရာယ်ကင်းအောင် စွန့်ပစ်တတ်ဖို့လိုတယ်။ ထိရောက်ဖို့ဆိုရင် ကျန်းမာသန့်ရှင်းရေးနည်းလမ်းတွေနဲ့ တွဲဖက်အသုံးပြုတတ်ဖို့လိုပါတယ်။” လို့သူကဆိုပါတယ်။

 

နိုင်ငံအများအပြားဟာ သူတို့အကြံပေးချက်ကိုပြင်လာမလား

အာရှနိုင်ငံတွေမှာ စောစောကတည်းက နှာခေါင်းစည်းမျက်နှာဖုံးကို လူအများတပ်ဆင်နေကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း ပြန်လည် သုံးသပ်မယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန CDC ကဆိုပါတယ်။ သြစတြီးယားနိုင်ငံမှာ ရဲတွေနှာခေါင်းစည်းမျက်နှာဖုံးတပ်ဆင်ကြပြီး ရဲနဲ့ဆက်ဆံရသူတွေလည်း နှာခေါင်းစည်းမျက်နှာဖုံးတပ်ကြရပါတယ်။ ဆူပါမတ်ကက်ကြီးတချို့ကလည်း စျေးဝယ်လာသူတွေကို နှာခေါင်းစည်းမျက်နှာဖုံး တပ်ခိုင်းနေပါတယ်။

 

အရင်က အတပ်နည်းတဲ့ ဥရောပမှာတောင် အခုတော်တော်များများတပ်နေကြပါပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ကတရားဝင်ကြေညာရင် ပိုပြီးတပ်လာကြပါလိမ့်ဦးမယ်။

90165828_212716063139335_1462378197545910272_n.png

BBC Burmese

Read times
Rate this item
(1 Vote)