What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 05 April 2020 10:13

မတ်စ် ဝတ်သင့် မဝတ်သင့် ဒွိဟဖြစ်ခြင်း ကင်းရပြီလား

90251442_832926683874316_4730726126572273664_n.png

 

လူထုကို အပြင်ထွက်လျှင် မတ်စ် ဝတ်ဖို့ အားပေးရမှာလား။ မဝတ်ရင်လည်း ရတယ်လို့ ဆိုရမှာလားဆိုသည်မှာ နိုင်ငံအစိုးရတို့အဖို့ ဦးနှောက်ခြောက်စရာ ဖြစ်ရသည်။ ဝတ်ပါဟု ဆိုလျှင် ဘယ်မှာ အလုံအလောက် ရှိလို့လဲဆိုသည့် တုံ့ပြန်မေးခွန်းအတွက် အဖြေမရှိချေ။

 

ကိုဗစ်ဂယက်တွင် လူအများစုတို့သည် ၃လွှာပါ ဆာဂျစ်ကယ်မတ်စ်များကို ဝတ်ဆင်ကြသည်။ ထိုမတ်စ်တို့သည် ကျန်းမာရေးဝန်ထမ်းများအတွက် မရှိမဖြစ် လိုအပ်သည့်အရာ ဖြစ်သည်။ မလုံမလောက် ဖြစ်နေရသည်တွင် လူထုက မတ်စ်ကို အသုံးများပါက ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် မလောက်မငှ ဖြစ်ကုန်လိမ့်မည်။ ထို့အတွက် အစိုးရတို့ ခေါင်းခဲကြရသည်။

 

ကမ္ဘာ့ကပ်ရောဂါကိုဗစ်၁၉ ကြောင့် လူပေါင်း တစ်ဆယ့်တစ်သိန်းကျော် ဖျားနာကြပြီး သေဆုံးသူ ခြောက်သောင်းနီးပါး ရှိလာသည့်အပြင် ဆက်လက်တိုးများနေချိန်တွင် မတ်စ် ဝတ်ဆင်သင့် မဝတ်ဆင်သင့်သည် သို့လောသို့လော ဖြစ်စရာ မဟုတ်တော့ချေ။ ယခင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မတ်စ် ဝတ်ဆင်သင့်မသင့်ကို ဟင့်အင်းဟု အဖြေပေးခဲ့သည်။ မကျန်းမာသူများ၊ ကျန်းမာရေးဝန်ထမ်းများသာ ဝတ်ဆင်သင့်သည်ဟု ဆိုခဲ့သည်။ နေကောင်းကျန်းမာနေသူတို့ ဝတ်ဆင်ဖို့ မလိုဟု ဆိုခဲ့သည်။

 

နေကောင်းသူတို့ မတ်စ် ဝတ်ဆင်ရန်မလိုဟူသည့် မူဝါဒကို အမေရိကန်၊ ဗြိတိန်၊ ဥရောပ၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ အစရှိသည့် နိုင်ငံများတွင် ကျင့်သုံးခဲ့ကြသည်။ အများပြည်သူ သွားလာကြသည့် နေရာများတွင် အနည်းဆုံးတစ်မီတာ အကွာအဝေးဖြင့် နေစေခြင်း၊ မကြာမကြာ လက်ဆေးခြင်းတို့ကို ကျင့်သုံးပြီး ကျန်းမာရေး ဝန်ထမ်းများအတွက် လိုအပ်သော မတ်စ်များ လက်ကျန်လုံလောက်နေစေသည်။

 

အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး Dr Mike Ryan

 

“လူအများအပြားတို့ မတ်စ်ဝတ်ဆင်ခြင်းဖြင့် အကျိုးထူးတဲ့အလားအလာ ရှိကြောင်း သေချာတဲ့ အထောက်အထား မရှိပါဘူး” ဟု WHO ၏ ကျန်းမာရေး အရေးပေါ်အစီအစဉ် အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး Dr Mike Ryan က ပြီးခဲ့သည့် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ထိုစကားသည် သောကြာနေ့တွင် လေသံပြောင်းသွားသည်။

သောကြာမှာ လေသံပြောင်း

သောကြာနေ့တွင် စင်ကာပူနှင့် အမေရိကန် အစိုးရတို့က ၎င်းတို့၏ နိုင်ငံသားများကို မတ်စ် ဝတ်ဆင်ကြဖို့ တိုက်တွန်းပြောကြားလိုက်သည်။ ဆာဂျစ်မတ်စ်များအစား ပိတ်စဖြင့် ချုပ်လုပ်သည့် မတ်စ်များ ဝတ်ဆင်ကြဖို့ကိုလည်း တိုက်တွန်းပြောကြားကြသည်။ ဆာဂျစ်ကယ်မတ်စ်များကို ကျန်းမာရေးဝန်ထမ်းတို့အတွက် ထားရှိစေလိုကြောင်းလည်း ပြောကြားကြသည်။

 

တစ်ဆက်တည်းမှာပင် Dr Mike Ryan က “မတ်စ်ကို သုံးစွဲခြင်းမှာ အိမ်တွင်းဖြစ်မတ်စ်နဲ့ အဝတ်စမတ်စ်တွေ လူ့အသိုင်း အဝိုင်းအကြား ဝတ်ဆင်ကြတာဟာ ဒီရောဂါအပေါ် အလုံးစုံပြည့်စုံသော တုံ့ပြန်မှုကို အထောက်အကူပြုနိုင်တဲ့ အခြေအနေများကို ကျွန်တော်တို့ အမှန်ပင် တွေ့ရပါတယ်” ဟု ပြောကြားလိုက်သည်။

 

coronavirus ကူးစက်ခံထားရသူအချို့သည် ရောဂါလက္ခဏာပြခြင်း မရှိဘဲ အနီးအနား ရှိသူတို့ထံ ပိုးကူးစက်စေသည့် အထောက်အထားများ တွေ့ရှိရပေရာ နေမကောင်းဖြစ်သူ မဟုတ်သော်လည်း သူတစ်ပါးတို့ထံ ပိုးမကူးအောင် မတ်စ် ဝတ်ဆင်ထားရမည့်သူများ ဖြစ်နေသည်။ သို့ဖြစ်ရာ နေမကောင်းသူတို့သာ မတ်စ် ဝတ်ဆင်ရမည်ဆိုသည့် အယူအဆကို ချေဖျက်ပစ်လိုက်သည်။

 

နေကောင်းနေသော်လည်း ပိုးကူးခံထားရသူ ဖြစ်နေနိုင်သဖြင့် လူတိုင်းသည် နေကောင်းသည်ဖြစ်စေ နေမကောင်းသည်ဖြစ်စေ မတ်စ်ကို ဝတ်ဆင်သင့်သည်ဟု အဖြေထွက်သည်။ သမ္မတဒေါ်နယ်ထရန့်က အမေရိကန်နိုင်ငံသားများသည် ဆေးဘက်ဆိုင်ရာမတ်စ် မဟုတ်သော မတ်စ်အမျိုးအစားတို့ကို အပြင်ထွက်သည့်အခါ ဝတ်ဆင်ရန် တိုက်တွန်းသည်။ အမေရိကန်တွင် ပြီးခဲ့သည် သောကြာနေ့အထိ အတည်ပြုကူးစက်ခံလူနာ ၂၄၅ ၀၀၀ ဦး ရှိနေပြီး သေဆုံးသူ ၆ ၀၀၀ ကျော်ပြီ ဖြစ်သည်။

 

ထရန့်က မတ်စ် ဝတ်ဆင်ခြင်းသည် မိမိသဘောဆန္ဒအလျောက် ဝတ်ဆင်ကြရန်သာ ဖြစ်ကြောင်းလည်း ပြောကြားသည်။ သူ့အနေဖြင့် “သမ္မတများ၊ ဝန်ကြီးချုပ်များ၊ အာဏာရှင်များ၊ ဘုရင်များ၊ ဘုရင်မများတို့ကို ကျွန်တော်က တွေ့ဆုံရတော့ မျက်နှာမှာ မတ်စ် တပ်ထားလို့ အဆင်မပြေဘူး။ ကျွန်တော်ကတော့ မတ်စ် ဝတ်ဆင်ဖြစ်ဖို့ လမ်းမမြင်ဘူး” ဟု ပြောကြားခဲ့သည်။

 

အခြားနေရာများမှသင်ခန်းစာများ

စိတ်ပြောင်းသွားခြင်း၏ အကြောင်းရင်းတစ်ခုမှာ Covid-19 သည် အီတလီနှင့် စပိန်တို့ကဲ့သို့သော နိုင်ငံများတွင် အသက်ပေါင်းများစွာကို ဖျက်ဆီးပစ်သည်။ အခြားနေရာဒေသများတွင်လည်း စိတ်လှုပ်ရှားစရာ ကောင်းလောက်အောင် မြင့်တက်လာသည်နေချိန်တွင် မတ်စ်များ ဝတ်လေ့ရှိသည့် လူမှုအသိုင်းအဝန်းတို့တွင် ကူးစက်မှုနှုန်း နှေးကွေးကြောင်း မှတ်တမ်းများအရ သိကြရသည်။

 

ဟောင်ကောင်၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံများတွင် လူအများအကြား မတ်စ်ဝတ်ဆင် သည်ကို လူအများက လက်ခံထားကြသည်။ အိမ်မှ အပြင်ထွက်သည့်အခါ မျက်နှာမှာ မတ်စ်မပါလျှင် ရွံရှာသော အကြည့်ဖြင့် ကြည့်ခံရသည်။ အနားမလာဖို့ ပြောခံရသည်အထိ ဖြစ်သည်။ ဥရောပတွင် ချက်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆလိုဗက်ကီးယားတို့က လူတိုင်း မတ်စ်များ အသုံးပြုရန် အားပေးခဲ့ကြသည်။

ချက်သမ္မတနိုင်ငံတွင်အမျိုးသမီးတစ် ဦး သည်မျက်နှာဖုံးနှင့်ပလပ်စတစ်အိတ်ကိုခေါင်းပေါ်တွင်တင်ထားသည်

 

နှိုင်းယှဉ်ကြည့်ပါ

ဥရောပ၌ ချက်ပြည်သူ့သမ္မတနိုင်ငံသည် အပြင်ထွက်တိုင်း မတ်စ်တပ်ဆင်ရန် မဖြစ်မနေပြုလုပ်ခဲ့ပြီး Covid-19 ကူးစက်မှု တားဆီးခြင်းကို ထိရောက်စွာ ကူညီနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ လူဦးရေ ၁၀.၆ သန်းရှိသော ချက်ပြည်သူ့သမ္မတနိုင်ငံတွင် မတ်လကုန်အထိ ကူးစက်ခံဦးရေ ၃၂၃၇ မှုရှိခဲ့ပြီး ၃၁ ဦး သေဆုံးခဲ့သည်။ မတ်စ ဝတ်ကြဖို့ တိုက်တွန်းခြင်း မပြုခဲ့သည့် အီတလီတွင် ကူးစက်ခံရသူ ၁၁၅,၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၁၄,၀၀၀ နီးပါး ရှိသည်။ စပိန်တွင် ကူးစက်ခံရသူ ၁၁၀,၀၀၀ ကျော်နှင့်သေဆုံးမှုပေါင်း ၁၀,၀၀၀ ရှိသည်။

 

ချက်နှင့် စလိုဗက်ဂီယား နိုင်ငံတို့တွင် မတ်စ်ကို မဝတ်မနေရ ဝတ်ဆင်ခိုင်းခဲ့ကြရာ၌ အားလုံးနီးပါးတို့သည် အိမ်တွင်းဖြစ် မတ်စ်များ ဝတ်ဆင်စေခဲ့သည်။ ကျန်းမာရေး ဝန်ထမ်းတို့အတွက်ဖြစ်သော ဆာဂျစ်ကယ်မတ်စ်များ ဝတ်ဆင်ခြင်း မပြုကြဖို့ကိုလည်း တိုက်တွန်းခဲ့သည်။ လူတွေကို မတ်စ် ဝတ်ခိုင်းသဖြင့် ကျန်းမာရေးဝန်ထမ်းတွေအတွက် မလုံမလောက် ဖြစ်မည်ဟု ထရန့်ကို သတင်းထောက်တစ်ဦးက မေးမြန်းသည့်အခါ ထရန့်က “မတ်စ်ကိုပဲ ဝတ်ဆင်ရမှာ မဟုတ်ပါဘူး။ ပဝါစတစ်ခု မျက်နှာမှာ စည်းထားလည်း ဖြစ်ပါတယ်” ဟု ရှင်းပြခဲ့သည်။

 

သိထားရမည့် အချက်အလက်များ

ယခုအထိ ရရှိထားသော အချက်အလက်များအရ ကူးစက်ခံထားရသူတို့တွင် ၂၅ % ဝန်းကျင်သည် ရောဂါလက္ခဏာ မပြကြဘဲ အခြားသူတို့ထံ ထပ်မံကူးစက်စေခဲ့သည်။ သို့ဖြစ်ရာ အခြားသူထံ တံတွေးစ နှာရည်စ စင်ပြီး မကူးစေဖို့ လူတိုင်း မတ်စ် ဝတ်ဆင်ထားသင့်သည်ဟု အဖြေထွက်နေပေသည်။ ထိုသို့ စင်သော အရည်စသည် ပါးစပ်၊ နှာခေါင်းပေါက်များနှင့် မျက်လုံးများထဲသို့ ရောက်ရှိပါက ရောဂါကူးစက်ခံရပြီ ဖြစ်သည်။ သို့ဖြစ်ရာ မျက်လုံးများတွင်လည်း မျက်မှန်ကို အရံအတားအဖြစ် ကာရံထားသင့်ကြောင်း အကြံပြုကြသည်။

 

ချောင်းဆိုးခြင်း နှာချေခြင်းကြောင့် ပိုးပါသည့် အရည်စ စင်သည်မှာ လေထဲတွင် နှစ်မီတာ( ၇ ပေ ဝန်းကျင်)အထိ ရောက်နိုင်ကြောင်း သိထားကြသည်။ မတ်စ် ဝတ်ထားရုံဖြင့် အစစအရာရာ လုံခြုံပြီးဟု အထင်မမှားသင့်ပေ။ မကြာမကြာ လက်ဆေးခြင်း၊ မျက်နှာတစ်ဝိုက် လက်မရောက်စေခြင်းတို့ကိုလည်း ဆက်လက်ကျင့်သုံးရမည်။ လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေကြခြင်းကိုလည်း ဆက်လက်ကျင့်သုံးကြရမည်။

 

 ထုတ်လုပ်မှုနှင့် ဝယ်လိုအား

လက်ရှိတွင်ကမ္ဘာတစ်ဝှမ်းတွင် င်္မစ်များ ရှားပါးနေသည်။ Coronavirus ဖြစ်ပွားပြီးကတည်းက ၀ ယ်လိုအားမြင့်တက်လာခြင်းနှင့် ပြည်ပတင်ပို့ရောင်းချသည့် ရောင်းအားကျဆင်းခြင်းများကြောင့် ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် နှစ်စဉ်ကမ္ဘာ့ မတ်စ်ထုတ်လုပ်မှုမှာ ၉.၁ ဘီလီယံရှိပြီး တစ်နေ့ပျမ်းမျှ ၂၅ သန်းခန့်ရှိသည်။

ဖေဖော်ဝါရီလကုန်ပိုင်း မှစ၍ နေ့စဉ်မျက်နှာဖုံးပေါင်း ၁၁၆ သန်းထုတ်လုပ်ရန် မတ်စ် ထုတ်လုပ်မှုတွင် ကမ္ဘာ့အကြီးဆုံးထုတ်လုပ်သူ တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုကို ၁၂ ဆနီးပါး မြှင့်တင်ခဲ့သည်။ နည်းပညာကုမ္ပဏီ ၇၀၀ အပါအဝင် ကုမ္ပဏီပေါင်း ၂၅၀၀ ကျော်က မျက်နှာဖုံးများထုတ်လုပ်ရန် ပြောဆိုကြသည်။

 

တရုတ်သည် ကနဦး၌ မတ်စ်များကို ပြည်တွင်းသုံးပစ္စည်းများအဖြစ် ကန့်သတ်ထားပြီး သိုလှောင်ထားရှိသည်ဟု စွပ်စွဲခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပြည်ပသို့ မတ်စ်များ ပေးပို့ခဲ့သည်။ ယခုအခါ အမေရိကန်သည် ဖူလုံမှု ရရှိစေရေးအတွက် မတ်စ် ပြည်ပတင်ပို့မှုကို ကန့်သတ်ထားသည်။ အမေရိကန်မှ မတ်စ်ထုတ်လုပ်သူ 3M ကပြောကြားရာတွင် ထရနအစိုးရက အမေရိကန်လုပ် N95 အသက်ရှူကိရိယာမျက်နှာဖုံးများကို ကနေဒါနှင့်လက်တင်အမေရိကသို့ တင်ပို့ခြင်းမပြုရန် ပြောကြားခဲ့သည်။

 

ထို့ထက် ဆိုးသည်မှာ မတ်စ် ၂၀၀ ၀၀၀ ကို ဂျာမနီနိုင်ငံသို့ တင်ပို့ရာ၌ ဘန်ကောက်တွင် သိမ်းဆည်းခံရပြီး အမေရိကန်သို့ ၎င်းမတ်စ်များကို တင်ပို့ခဲ့ခြင်းး ဖြစ်သည်။ ဂျာမနီနိုင်ငံ ဘာလင်မြို့မှ တာဝန်ရှိပုဂ္ဂိုလ်က “ ခေတ်သစ် ပင်လယ်ဓားပြလုပ်ရပ်တစ်ခု”ဟု ပြစ်တင်ရှုတ်ချခဲ့သည်။

 

အကြံပြုချက်

ကူးစက်ရောဂါ ကျွမ်းကျင်သူ Dr Joseph Tsang Kay-yan က ကမ္ဘာ့လိုအပ်ချက်ကို ဖြည့်ဆည်းရန် အားလုံး အသိဉာဏ် ရှိကြဖို့ လိုအပ်ကြောင်းပြောကြားခဲ့သည်။ မတ်စမ်များ ချုပ်လုပ်ပြီး ထုတ်လုပ်ကြဖို့၊ တီထွင်ကြံဆပြီး လုပ်ကိုင်ကြဖို့၊ မတ်စ် မရခင်စပ်ကြား ပဝါစဖြင့် မျက်နှာစည်းခြင်းမျိုးကို လုပ်ကြဖို့ သူက အကြံပြုသည်။ အိမ်တွင် နေကြခြင်းတို့သည်လည်း မတ်စ် လိုအပ်မှုကို လျော့ကျစေကြောင်း သူက အကြံပြုသည်။

90165828_212716063139335_1462378197545910272_n.png

Read times
Rate this item
(0 votes)