What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 12 April 2020 14:06

ကိုဗစ် - ၁၉ ရောဂါ နှင့် နှလုံး သတိပြု

COVID.png

 

ကိုဗစ်-၁၉ ပိုးဟာ အသက်ရှူလမ်းကြောင်းကို အဓိကတိုက်ခိုက်တာဖြစ်ကြောင်း သိရှိကြပြီးဖြစ်ပါတယ်။ နှလုံးရောဂါဆေးပညာရှင်များက ဒီဗိုင်းရပ်စ်များဟာ နှလုံးကိုလည်းထိခိုက်စေနိုင်တယ်လို့ ယုံကြည်ကြ ကြောင်း သိရပါတယ်။ ယူကေနိုင်ငံမှာ လူပေါင်းနှစ်သောင်းဟာ ကိုဗစ် -၁၉ ရောဂါကူးစက်ခံနေရကြောင်း အတည်ပြုနိုင်ပြီး နောက်ပိုင်းမှာလည်း ဆက်လက်ကူးစက်နိုင်ကြောင်း သတိပေးထားပါတယ်။

 

ဒါကြောင့် ကာကွယ်ရေး လုပ်ငန်းများကို တိတိကျကျလိုက်နာကြရန် အလွန်အရေးကြီးပါတယ်။ ယူကေနိုင်ငံမှာသာမက ကမ္ဘာ့ ကပ်ရောဂါဖြစ်နေတဲ့အတွက် လူသားအားလုံးက သတိရှိရှိနဲ့ ကျန်းမာရေး ဆိုင်ရာပညာရှင်များရဲ့ ညွှန်ကြားမှုများကို လေးစားယုံကြည်စွာ လိုက်နာကြရန် အရေးကြီးပါတယ်။ ဒီ ရောဂါပိုးဟာ droplets ခေါ်တဲ့ ရောဂါကူးစက်ခံနေရသူရဲ့ အသက်ရှူလမ်းကြောင်းက ထွက်လာတဲ့ အမှုန်အမွှား ကလေးတွေက အဓိကကူးစက်နိုင်တယ်ဆိုသလို airborne ခေါ်တဲ့ လေထုထဲကနေလည်း ကူးစက်နိုင်ကြောင်း သိရပါတယ်။ (စကားပြောရာကနေတောင် ကူးစက်နိုင်တယ်လို့လည်း သိရပါတယ်)။

 

ဒါကြောင့် လက်ကို သေချာစွာ ဆေးကြောကြရန်၊ mask ခေါ် နှာခေါင်းစည်းကို သုံးကြရန်၊ လူစုလူဝေးကို ရှောင်ကြရန်၊ social distancing ဆိုတဲ့ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး သုံးပေအကွာမှာနေကြရန်၊ အိမ်ထဲမှာသာနေကြရန် စတဲ့အချက်တွေကို လိုက်နာကြရင် ထပ်မံကူးစက်ပျံ့နှံ့နိုင်ခွင့်များကို ကောင်းစွာ ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။

 

ကိုဗစ်က နှလုံးကိုလည်းထိခိုက်စေနိုင်

ဗိုင်းရပ်စ်ပိုးများဟာ အသက်ရှူလမ်းကြောင်းကို သာမက နှလုံးကိုပါ ထိခိုက်စေနိုင်ကြောင်း၊ နှလုံး ရောဂါနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာများ ခံစားစေနိုင်ကြောင်း နယူးယောက်မြို့ ဆရာဝန်များက သတိပေးထားပါတယ်။ အမေရိကန်နိုင်ငံ ဘရွတ်ကလင်းဆေးရုံကို နှလုံးခုန်မမှန်တဲ့ လူနာတစ် ယောက် ရောက်လာပါတယ်။ သူ့ရဲ့ သွေးအတွင်း ပရိုတိန်းဓာတ်တစ်မျိုးကလည်း တော်တော်မြင့်တက် နေတာ တွေ့ရပါတယ်။ ဒီပရိုတိန်းဓာတ်ဟာ နှလုံးကြွက်သားများ ထိခိုက်နေမှုကိုပြသတဲ့ အညွှန်းကိန်း တစ်ခုလည်း ဖြစ်ပါတယ်။

 

သို့သော် သူ့မှာနှလုံးရောဂါနဲ့ ပတ်သက်တဲ့ အထောက်အထား မတွေ့ရှိရ ပါဘူး။ ကိုဗစ်-၁၉ ကူးစက်ခံနေရတာကိုတော့ တွေ့ရပါတယ်။ ဆေးရုံမှာ ၁၂ ရက်တာ စောင့်ကြည့် ကုသပေးလို့ ကျန်းမာသွားပါတယ်။ သူ့ရဲ့နှလုံးထိခိုက်မှုကတော့ ထူးခြားချက်တစ်ခုအဖြစ် ဆရာဝန်များ ကို သတင်းပေး ထားခဲ့သလို ဖြစ်သွားပါတယ်။ Dr. John Rumsefeld ဒေါက်တာ ရမ်စ်ဖဲလ် (American College of Cardio-logy-Chief Science and Quality အမေရိကန် နှလုံးရောဂါဆိုင်ရာ ကောလိပ် အကြီးအကဲ)က “ကိုဗစ်-၁၉ နဲ့ ပတ်သက်ရင် ကျွန်တော်တို့က အဆုတ်၊ အဆုတ်ဆိုတာကိုပဲ သတိပြုနေ ကြတယ်။

 

နှလုံးအပေါ်လည်း သိသာထင်ရှားတဲ့ သက်ရောက်မှု ရှိနိုင်တယ်ဆိုတာ စဉ်းစားကြ သင့်ပါပြီ”လို့ The New York Times သတင်းစာကြီးကို ပြောပြပါတယ်။ The University of Texas Health Science Centre at Houston ဟူစတန်မြို့ရှိ တက်ဆက်စ်တက္ကသိုလ်သိပ္ပံဌာနမှ သုတေသီတို့ရဲ့ လေ့လာ တွေ့ရှိချက်အရ ကိုဗစ်-၁၉ တို့သည် နှလုံးကိုလည်း ထိခိုက်စေနိုင်ကြောင်း၊ နဂိုကနှလုံးရောဂါ အခံမရှိသူများမှာ နှလုံးထိခိုက်ခံရမှုများရှိနိုင်ကြောင်း သိရပါတယ်။

 

Dr.Mohammad Madjid လေ့လာသူအကြီးအကဲ ဒေါက်တာ မိုဟာမက် မက်ဂျစ် ဆိုသူက အရင်က နှလုံးရောဂါမရှိသူ နှလုံး ကောင်းပါတယ်ဆိုတဲ့ သူတွေမှာတောင် ကိုဗစ်-၁၉ ကြောင့် နှလုံးကြွက်သားတွေ ထိခိုက် ပျက်စီးနိုင်တာ တွေ့ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် နှလုံး ရောဂါတစ်မျိုးမျိုးရှိပြီးသူတွေဆို ပိုသတိထားရပါမယ်လို့ ဆိုပါတယ်။

 

ရောဂါအခံရှိသူများ ပြင်းထန်နိုင်ဖွယ်ရှိနေ

ကမ္ဘာကျော် မေယိုကလင်းနစ် နှလုံးရာဂါဌာနမှ ဌာနမှူးဒေါက်တာလက်စလီကူးပါးက “နှလုံးရောဂါ အခံရှိသူ များအနေနဲ့ ကိုဗစ်-၁၉ ကူးစက်တိုက်ခိုက်မှုကို အထူးသတိ ထားကြရပါမယ်။ သူတို့မှာဖြစ်ရင် သိပ်ပြင်းထန်နိုင်ပါတယ်” လို့ဆိုပါတယ်။ ကိုဗစ်-၁၉ ကြောင့် အသက်ရှူလမ်းကြောင်း ထိခိုက်ပျက်စီး နေပြီဆိုရင် နှလုံးရဲ့စွမ်းဆောင်မှုတွေလည်း ကျဆင်းလာပါတယ်။

 

Systemic Inflammatory response ခေါ်တဲ့ ကူးစက်ရောဂါကို ခန္ဓာကိုယ်ရဲ့ အင်္ဂါစနစ်အသီးသီးက ခုခံတုံ့ပြန်မှုကြောင့် နှလုံးအပါအဝင် အရေးကြီးကိုယ်တွင်း အင်္ဂါများ၏ ကြံ့ခိုင်မှုများ ကျဆင်းလာတတ်ပါတယ်။ ဒီဖြစ်ရပ်ရဲ့နောက်ဆက်တွဲ အဖြစ် နှလုံးထိခိုက်နိုင်တာဖြစ် ပါတယ်။ အချို့ဆို direct viral infection to heart နှလုံးဆီ ဗိုင်းရပ်စ်ပိုးက တိုက်ရိုက်ဝင်ရောက်နိုင်တာလည်း ဖြစ် တတ်ပါတယ်။

 

“ကိုဗစ်-၁၉ နဲ့ နှလုံးတို့နဲ့ပတ်သက်ပြီး အောက်ပါ အချက်နှစ်ချက်ကို သတိပြုစေလိုပါတယ်” လို့လည်း ပြောကြားပါတယ်။

၁။ Heart Failure. နှလုံးပျက်စီးခြင်းရောဂါ။

ဒီရောဂါဟာနှလုံးကြွက်သားများ အားပျော့ပျက်စီးတာ ဖြစ်ပါတယ်။ နှလုံးကနေသွေးတွေကို အလုံ အလောက် ညှစ်ထုတ်မပို့ပေးနိုင်လို့ ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေ တာဖြစ်ပါတယ်။

 

၂ ။ Abnormal Heart Rhythms နှလုံးခုန်မမှန်ခြင်း။

နှလုံးဟာ စည်းချက်ကျကျနာရီ rhythm မှန်မှန်ခုန် နေမှ ဇီဝယန္တရားကလည်း ပုံမှန်လည်ပတ်နေမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နေတဲ့ အခြေအနေမျိုးမှာ ကိုဗစ်-၁၉ ကူးစက်ခံရရင် ပိုမိုထိခိုက်စေနိုင်ပါကြောင်း သိရပါတယ်။ ကိုဗစ်-၁၉ ကြောင့် အဆုတ်ပျက်စီးကာ အဆုတ်အတွင်း ဖိအားများလာခြင်း ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကြောင့် နှလုံး ကြွက်သားရောင်ရမ်းခြင်း ဖြစ်လာနိုင်ပါတယ်။ နှလုံး မကောင်းတဲ့သူများ ကိုဗစ်-၁၉ ကြောင့် ပိုမိုထိခိုက်နိုင်ခြေ ရှိနိုင်တာကိုတော့ သတိပြုရပါမယ်လို့ ဒေါက်တာကူးပါးက ဆိုပါတယ်။

 

သတိပြုထိန်းသိမ်းပါ။ အိမ်မှာနေပါ

အသက်ကြီးသူများမှာ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ (ဥပမာ-နှလုံးသွေးကြောကျဉ်းခြင်း) သို့မဟုတ် သွေးတိုးရောဂါရှိနေပါက အလားတူ ထိခိုက်နိုင်တာမို့ သတိပြုကြရပါမယ်။ အချို့လူငယ်များ မှာလည်း နှလုံးကို ဗိုင်းရပ်စ်ပိုး တိုက်ရိုက်ကူးစက်တိုက်ခိုက်တာ ဖြစ်နိုင်ပါတယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ နှလုံးရောဂါ ဆက်စပ်နိုင်မှုများကို အရေးတကြီးလေ့လာဖို့ လိုအပ်နေပြီမို့ American Heart Association and National Institutes of Health တို့က ဆောင်ရွက်နေပြီလို့လည်း သိရပါတယ်။

 

ဒီကိုဗစ်-၁၉ ဟာ ၂၁ ရာစုလူသားများ တစ်ကြိမ်တစ်ခါမှ မကြုံကြဖူးသေးတဲ့ ကပ်ရောဂါတစ်ခု ဖြစ်ပါတယ်။ ခေတ်လူသားများ အရှိန်အဟုန်ပြင်းစွာ လှုပ်ရှားသွားလာ နေကြမှုများကို လုံးဝရပ်တန့် လိုက်လို့ ထိခိုက်ဆုံးရှုံးရမှု များစွာကြုံတွေ့ကြရပါတယ်။ လူတစ်ဦးချင်းမှအစ နိုင်ငံအဆင့်အထိ ဆုံးရှုံး ရမှုများ ရင်ဆိုင်ကြရပါတယ်။လွတ်လပ် ခြင်းနဲ့ လုံခြုံမှုကင်းမဲ့ခြင်းတို့ရဲ့ နောက်ဆက်တွဲဆိုးကျိုး များကို ခံစားကြရပါတယ်။ စိတ်ဖိစီးမှုများစွာ ခံစားကြရပါ တယ်။

 

ဒါကြောင့် စိတ်ဖိစီးမှုနဲ့ဆက်စပ်တဲ့ ကိုယ်စိတ် ထိခိုက်မှုဝေဒနာများ ရင်ဆိုင်နိုင်ကြပါတယ်။ သွေးတိုး၊ နှလုံး၊ ဆီးချိုစသည်ဖြင့် အဖြစ်များနေတဲ့ Non-communicable diseases မကူးစက်နိုင်သော်လည်း ကျယ်ပြန့်စွာ ဖြစ်ပွားနေတဲ့ ရောဂါဖြစ်ပွား နေသူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကို အထူးဂရုပြုသင့်ပါတယ်။ နှလုံးကို သတိပြုထိန်းသိမ်းပါ။ အိမ်မှာနေပါဆိုတဲ့ အချက်များကို လိုက်နာဆောင်ရွက်ကြဖို့ လိုပါတယ်။ ပြီးတော့ စိတ်ဖိစီးမှုများကို ကောင်းစွာတုံ့ပြန်နိုင်ရန် လည်း လိုအပ်ပါတယ်။

 

စိတ်စွမ်းရည်တုံ့ပြန်မှု Expressed Emotion E.E ဆိုတာ လူသားတိုင်းရှိနေရမယ့် စိတ်အခြေအနေဖြစ်ပါ တယ်။ အခြေအနေထူးတစ်ခုတွေ့ကြုံ ရင်ဆိုင်ရတဲ့အခါ စေ့ဆော်မှု ဖြစ်ပေါ်လာပြီး ဒါကိုပြန်လည် တုံ့ပြန်ရပါတယ်။ သို့သော် အချို့က ပြင်းထန်တဲ့ စေ့ဆော်မှုလို သဘောထားပြီး ပြင်းထန်တဲ့တုံ့ပြန်မှု အဖြစ် တုံ့ပြန်တတ်ပါတယ်။ ဒါကို High Expressed Emotion လို့ခေါ်ပါတယ်။

 

ဒီလိုတုံ့ပြန်ရင် ထိရောက်တဲ့ ဖြေရှင်းနိုင်မှုဆီ မရောက်ဘဲ လွန်ကဲတဲ့အခြေအနေဆိုးများကို ထပ်မံရင်ဆိုင်ရတတ် ပါတယ်။ တစ်ခါသတိမပြု အသိမရှိဘဲ အေးတိအေးစက် တုံ့ပြန်တတ်မှုလည်း ရှိတတ်ပါတယ်။ အသိ ဉာဏ်ပညာ၊ ကိုယ်ရည်ကိုယ်သွေး၊ လူမှုအဆင့် အတန်းစသည်တို့မှာ အားနည်းနေသူများ၌ တွေ့ရလေ့ရှိ ပါတယ်။

 

ဒါကို Low Expressed Emotion လို့ ခေါ် ကြောင်း သိရပါတယ်။ ဒီအခြေအနေဆိုရင်လည်း မဖုံး နိုင် မဖိနိုင်အောင်ဖြစ်ရပြီး အလွန်အမင်းအန္တရာယ်များတဲ့ အခြေအနေဆိုးကို တွေ့ကြုံရနိုင်ပါတယ်။ ဒါကြောင့် သင့်တင့်မျှတတဲ့ စေ့ဆော်မှုနဲ့ တုံ့ပြန်မှုရှိကြဖို့ လိုပါ တယ်။ ဆင်ခြင်တုံတရား၊ အသိဉာဏ် ပညာတို့နဲ့ မိမိတို့လုပ်သင့်ရာကို လုပ်ကြရန်၊ ရှောင်သင့်တာကို ရှောင်ကြရန် သိပ်အစိုးရိမ်မလွန်ကြရန် မလိုသလို သိပ် အေးစက်နေခြင်းဆိုတဲ့ အစွန်းနှစ်ပါးကို ရှောင်ကြ ရန် လိုအပ်ပါတယ်။

 

ကျွန်တော်တို့ရဲ့ စိုးရိမ်မှုကို တည့်မှန်တဲ့ အသိတရားအဖြစ် ပြောင်းလဲကျင့်သုံးနိုင်ပါတယ်။ ရောဂါ ကူးစက်မှာ စိုးရိမ်တဲ့အတွက် “နေအိမ်များမှာသာ နေထိုင်ခြင်း” ဆိုတဲ့ အချက်ကို လိုက်နာဆောင်ရွက် လိုက်ပါ။ ဒီလိုဆိုရင် အပြင်ကရောဂါပိုးတွေ မိမိနဲ့ မိသားစုပတ်ဝန်းကျင်ဆီ ကူးစက်နိုင်ခွင့်နည်းပါး သွားနိုင်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ထိခိုက်နိုင်မှုများမှာ နှလုံးထိခိုက်ခံရမှုသည်လည်း အရေးပါလှ ကြောင်းသတိပြုကြရပါမယ်။

 

ကမ္ဘာတစ်လွှား ကိုဗစ်-၁၉ ကြောင့် သေဆုံးရသူများမှာ၊ နှလုံးရောဂါနဲ့ နှလုံးကြောင့် သေဆုံးရသူအများစု ဖြစ်နေကြောင်းလည်း သိရပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ နှင့် နှလုံးထိခိုက်မှု များမှ ရှောင်ရှားနိုင်ကြရန် အထူးသတိပြုသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။

HPD.png

ဒေါက်တာမြင့်သန်း(ညောင်လေးပင်)

Read times
Rate this item
(0 votes)