What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 13 April 2020 11:39

ဆားရည်နဲ့ ကိုရိုနာပိုးသတ်ကြမယ် နှင့် ပေါက်ကရများ ရှင်းတမ်း

COVID.png

 

ကိုရိုနာပိုးကို ကလေးအတွေးနဲ့ တွေးကြည့်ရင် ပြုံးချင်ချင် ဖြစ်စရာတစ်ခု ရှိပါလေရော....။ တစ်ကမ္ဘာလုံးမှာ အတော်ဆုံးပါဆိုတဲ့ သိပ္ပံပညာရှင်‌တွေ ဒေါ်လာသန်းချီသုံးကာ research လုပ်ပြီး အသည်းအသန် ရှာနေကြတာ.... ဗိုင်းရပ်စ်ကိုသတ်နိုင်တဲ့ဆေးပါ။ ဒီနေ့အထိ လောက်လောက်လားလား မတွေ့ကြသေး‌ပေမယ့်လည်း...ကိုယ့်အိမ်ဘေစင်ပေါ်က ပေါပေါပဲပဲ ဆပ်ပြာတုံး ပန်းရောင်လေးက ဒီပိုးကို သတ်နိုင်နေတဲ့ အ‌ဖြစ်က စဉ်းစားကြည့်ရင် သဘောကျစရာပါ.. ။

 

ဆပ်ပြာတုံးလေးတင် မကပါဘူး ....Alcohol ပါ၀င်မှု 60% ထက်များတဲ့ Hand sanitizer တွေလည်း ...ဒီပိုးကို သတ်နိုင်တဲ့ အထဲမှာ ပါပါတယ်။ ဆပ်ပြာရည်တွေ.... Alcohol အရက်ပါတဲ့ လက်သန့်ဆေးရည်တွေကတောင် ပိုးသတ်နိုင်သေးတာပဲကွယ် ....။ ပိုးရှိနေရင် အရက်ပြန်လည်း ပိုးသတ်နိုင်တာပေါ့... ဆိုပြီး တွေးမိတဲ့သူတွေ ရှိပါတယ် ။ အဲလိုတွေးမိတဲ့အပြင် အကောင်အထည်ဖော်ခဲ့ကြတဲ့သူတွေ တကယ်ရှိခဲ့ပါတယ်။ အီရန်နိုင်ငံမှာ လူအစုလိုက် အပြုံလိုက် တကယ် "အရက်ပြန်" သောက်ခဲ့ကြပါတယ် ...

 

ဘာဖြစ်သွားလဲဆိုတော့ ....။ ထင်တဲ့အတိုင်းပါပဲ ... စိတ်မကောင်းစရာ ...အဲဒီလူတွေ အစုလိုက် အပြုံလိုက်ပဲ ကွယ်လွန်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ အရက်ပြန်သောက်ပြီး ပိုးသတ်မယ်ဆိုတဲ့သူတွေ မကြားမိပါဘူး...။ဒါပေမယ့်လည်း....ကွမ်းထဲမှာ ထုံးပါလို့ ပိုးသတ်နိုင်တယ် ...ကွမ်းစားသူများအတွက် ၀မ်းသာစရာ သတင်းကောင်းဆိုတဲ့ ပို့စ်တွေ....။

 

ရှာလကာရည်နဲ့ ပလုတ်ကျင်းရင် အချဉ်ဓာတ်အက်ဆစ်ဖြစ်လို့ ကိုရိုနာပိုးသေပါတယ်ဆိုတဲ့ ပို့စ်တွေ....ဆားရည်နဲ့ ပလုတ်ကျင်းရင် ပိုးသေတယ် ကာကွယ်နိုင်တယ်ဆိုတဲ့ ပို့စ်တွေ...ကိုရိုနာပိုးက အေးရင် ပိုဖြစ်တယ် ...အဲဒါကြောင့် ရေခဲမုန့်ရှောင်ပါ ဆိုတဲ့ပို့စ်တွေ...ဖွဘုတ်မှာ ပလူပျံနေပါတော့တယ် ။တကယ်တော့....အဲဒီလိုပို့စ်တွေ.... အဲဒီလို အယူအဆတွေကို လူတွေဘာလို့ ယုံသွားကြတာလဲဆိုပြီး သေသေချာချာ စဉ်းစားကြည့်ရင် ...သူတို့ Experts တွေ သင်ပေးခဲ့ကြတာတွေက စတာပါပဲ။

 

▪️ဆပ်ပြာနဲ့ ပိုးသတ်ပါ...လက်သန့်ဆေးရည်နဲ့ ပိုးသတ်ပါ ...ပိုးသေပါတယ်လို့ သင်ပေးခဲ့ကြတာကိုး ။ မမှားပါဘူး ....တကယ်လည်း ပိုးသေပါတယ် ...။ဒါပေမယ့် ရှာလကာရည် ၊ ထုံးရည် ၊ ဆားရည် ၊ အရက်ပြန်တွေ သောက်နေ... ပလုတ်ကျင်းနေရင်တော့...ကိုရိုနာပိုး မသေနိုင်ပါဘူး...မကာကွယ်နိုင်ပါဘူး ။

 

ဘာဖြစ်လို့ပါလိမ့်?

ဘာဖြစ်လို့လဲဆိုတော့...တစ်ခွန်းတည်း ဖြေရရင် ...လူကိုယ်ခန္ဓာ အတွင်းမှာနဲ့ အပြင်မှာနဲ့ ကွာလို့ပါ ....။ နည်းနည်းပိုသိချင်မယ့် လူတွေရှိနိုင်လို့ နည်းနည်းပိုချဲ့ပြီး ဖြေပါရစေ။ သူ့အကြောင်း ပြောတော့မယ်ဆိုတော့ သူ့ရဲ့ ရုပ်ရည်ရူပကာကို အရင် မိတ်ဆက်ပေးမှာပါ ။ ဇာတ်လိုက်ကျော် ကိုရိုနာဗိုင်းရပ်စ်ဟာ RNA လို့ခေါ်တဲ့ အမျှင်လေးတစ်မျှင် ဖြစ်ပါတယ် ။ အဲဒီအမျှင်ပေါ်မှာ အဆီမော်လီကျူးနှစ်လွှာထပ်ထားတဲ့ အခွံ (lipid bilayer) နဲ့ အုပ်ထားပါတယ် ။ လွယ်လွယ်ပြောရရင် အမျှင်တစ်မျှင်ပေါ်မှာ အဆီအုပ်ထားတဲ့ အကောင်ပါ ....။

 

အရွယ်အစားက ဘယ်လောက်သေးလဲဆိုရင် ...ပေတံပေါ်မှာပါတဲ့ 1 mm ကိုမြင်ကြည့်ပါ ။ အဲဒီ 1 mm ကို နောက်ထပ် အပုံတစ်သောင်း ထပ်ပုံကြည့်ပါ ။ ဒီအကောင်ဟာ အဲဒီအပုံတစ်သောင်းရဲ့ တစ်ပုံကျော်ကျော်လေးပဲ အရွယ်အစားရှိပါတယ် ။ စာလို ပြောမယ်ဆိုရင်တော့ viral particle ဟာ 120 nm ရှိပါတယ်။  အမှန်တော့ သူ့ကို သက်ရှိအကောင်လို့တောင် ခေါ်ဖို့က ခက်ပါတယ် ။ သူဟာ အမျှင်တစ်မျှင် အဆင့်ပဲရှိတဲ့အတွက် သူဘာသာသူ အသက်ရှင် မရပ်တည်နိုင်ပါဘူး ။ သူမှီခိုစားသောက်ရမယ့် အခြား ပိုအဆင့်မြင့်တဲ့ သက်ရှိတစ်ကောင်ကောင်ရဲ့ cell ဆဲလ်လိုပါတယ်။

 

အဲတော့ လူတွေ တိရစ္ဆာန်တွေရဲ့ cell တွေထဲ ၀င်ပြီး အသက်ဆက်ပါတယ် ။ ပွားပါတယ် ။ မူရင်း cell ကို ပျက်စီး သေဆုံးစေပါတယ် ။ အရိပ်နေနေ အခက်ချိုးချိုး အကောင်လို့ မြင်ထားရင် ရပါပြီ ။ သူနဲ့ ပတ်သတ်ပြီး ဒီ ၂ ချက်ကို တီးမိခေါက်မိ ဖြေနိုင်ရင် သူများ ပြောတိုင်းယုံစရာ မလိုတော့ပါဘူး ... ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်လို့ ရပါပြီ။

 

နံပါတ် (၁) ပိုးဟာ လူကိုယ်ထဲ ဘယ်လို၀င်တာလဲ ??

ပိုးရှိတဲ့သူက ချောင်းဆိုးလိုက်ရင် နှာချေလိုက်ရင် ... နှာရည်/တံတွေး /နှပ် အမှုန်အမွားတွေဟာ ... သူ့ရဲ့အသက်ရှုလမ်းကြောင်း တစ်လျှောက်ကနေ လွင့်ထွက်လာပါတယ် ။ သုံးပေခွာပါလို့ WHO က အလုပ်သဘောအရ ကျယ်ကျယ်ပြန့်ပြန့် ပြောနေပေမယ့်...တကယ်ရောက်နိုင်တဲ့ အကွာအဝေးဟာ ဒီထက်အများကြီးပိုပါတယ် ....။

 

အားအပြည့်နဲ့ ချောင်းဆိုးရင် အဝေးဆုံး 6 မီတာ ( ပေ ၂၀ နီးပါး ) နဲ့ နှာချေရင် အဝေးဆုံး 8 မီတာ ( ၂၆ ပေခန့်) ရောက်ရှိနိုင်ပါတယ် ။

ဆိုကြပါစို့... ပိုးရှိတဲ့သူတစ်ယောက်ဟာ လမ်းမပေါ်မှာ လမ်းလျှောက်နေရင်း လက်နဲ့ဖြစ်ဖြစ် ပုဝါနဲ့ဖြစ်ဖြစ် ဘာနဲ့မှ မအုပ်ဘဲ လွတ်လွတ်လပ်လပ် နှာချေပစ်လိုက်ပါပြီတဲ့ ...အဲဒီကလွင့်လာတဲ့ ပိုးပါတဲ့ နှာရည်အမှုန်အမွားဟာ သူ့နားက ဓာတ်တိုင်ပေါ် သွားတင်နေနိုင်ပါတယ် ...။

နောက်ငါးမိနစ်လောက်အကြာမှာ မသိတဲ့လူတစ်ယောက်က အဲဒီဓာတ်တိုင်ကို ကိုင်မိတယ် ဆိုပါတော့ ....။

ကိုင်မိတဲ့သူလက်မှာ အရေပြားပွန်းပဲ့ခြင်း ပေါက်ပြဲနေခြင်း မရှိဘူးဆိုရင် ... ပိုးဟာ လက်အသားကိုဖောက်ပြီး ကိုယ်ထဲကို တန်းမဝင်နိုင်ပါဘူး ။ ဒါဟာ လူ့အရေပြားရဲ့အစွမ်းပါ ။ အပြင်ပိုးတွေ ရန်ကနေ ကာကွယ်ပေးထားတာပါ ။

 

ဒါပေမယ့် ...နှစ်မိနစ်ကနေ ငါးမိနစ်ကို တစ်ကြိမ်...လူအများစုဟာ ကိုယ့်မျက်နှာကိုယ် ကိုင်မိကြပါသတဲ့ ။ မျက်နှာမှာရှိတဲ့ နှာခေါင်းအတွင်းသား၊ နှုတ်ခမ်းအတွင်းသား ၊ မျက်လုံးရဲ့ မျက်ကြည်လွှာ ...စတဲ့ အဲဒီလိုနေရာတွေဟာ အရေပြား အုပ်ထားခြင်းမရှိပါဘူး ။ စာလိုပြောရရင်တော့ mucous membrane နေရာတွေလို့ ခေါ်ပါတယ် ။ အဲဒီအခါမှာ ကိုရိုနာပိုးဟာ လူကိုယ်ထဲ ၀င်ဖို့ အခွင့်အရေး ရပါတော့တယ် ။ လူကိုယ်ထဲဝင်တယ်ဆိုလို့ ...ကျွန်မတို့ နေ့တိုင်း ရေသောက်၊ ထမင်းစားသလို ပါးစပ်ပေါက်ကနေ လည်ချောင်းထဲရောက် ပြီးတော့ ရင်ခေါင်းထဲ၊ ဗိုက်‌ခေါင်းထဲ ၀င်သွားတာမျိုး မမြင်ယောင်စေချင်ပါဘူး ။ ပိုးဟာ သူထိတွေ့လိုက်ရတဲ့ ဆဲလ်လေးတစ်ခုထဲကို ၀င်တာပါ ။

 


လူ့ကိုယ်ထဲ ပိုးဘယ်လို၀င်လဲဆိုတော့....

ပိုးအခွံမှာရှိတဲ့ S-protein (spike protein) လို့ခေါ်တဲ့ ပရိုတိန်းပစ္စည်းလေးဟာ ... သူ၀င်ချင်တဲ့ အသက်ရှူလမ်းကြောင်းက ဆဲလ်ပေါ်မှာရှိတဲ့ ACE-2 လို့ခေါ်တဲ့ receptor (လက်ခံတဲ့နေရာ) ကို သွားချိတ်ပါတယ် ။ ကျွန်မတို့ အခန်းတံခါးဖွင့်ပြီး အခန်းထဲ၀င်သလိုပဲ ... ACE-2 လက်ခံတံခါးကနေ ပိုးဟာ လူ့ ‌ဆဲလ်ထဲ အောင်မြင်စွာရောက်ရှိသွားပါတော့တယ်း ။ လူ့ဆဲလ်ဟာ သူ့အတွက်တော့ အသက်ရှင်ရပ်တည်ရုံမက သူ့လိုပုံစံတူလေးတွေ ထပ်ပြီးပွားဖို့ မွေးဖို့ အစာရေစာ ပေါကြွယ်ဝရာ နေရာကြီးပါ ။ သူ့လို RNA copies အမျှင်လေးတွေ တည်ဆောက်ဖို့ လိုအပ်တဲ့ nucleic acid ‌တွေ၊ protein တွေ ၊ အဆီတွေ လူ့ cell ထဲမှာ ပေါမှပေါပါ ။ အဲတော့ သူပွားပါပြီ... အမျှင်တွေ ထောင်နဲ့ သောင်းနဲ့ချီပြီး ။

 

ထပ်ပေါက်လာတဲ့ နောက်ပေါက် RNA လေးတွေ များလာတဲ့အချိန်မှာ မူရင်း ဆဲလ်ဟာပျက်စီးပြီး ပွင့်ထွက်သွားပါတယ်။ အဲဒီမှာ ထွက်လာတဲ့ ပိုးတွေဟာ အနီးအနားက နောက်ထပ် သောင်းနဲ့ သိန်းနဲ့ချီတဲ့ ဆဲလ်တွေကို ထပ်ကျုးကျော်ဝင်ရောက်ပါတယ် .... အနီးအနားက ဆဲလ်တွေထဲ ၀င်ရုံမက cell နားမှာရှိတဲ့ ... capillary လို့ခေါ်တဲ့ ဆံခြည်မျှင်သွေးကြောတွေထဲ လိုက်သွားပြီး သွေးစီးဆင်းရာ လမ်းကြောင်းအတိုင်း တစ်ကိုယ်လုံး သူကြိုက်တဲ့နေရာကို သွားလို့ရသွားပါပြီ ။

 

ဒါကို သဘောပေါက်ပြီဆိုရင် ....လည်ချောင်းမှာ လေးရက်နေတယ် / ပြီးရင်အဆုတ်ထဲဆင်းသွားတယ် / အဲဒါကြောင့် လည်ချောင်းကို ဆားရည်နဲ့ ရှာလကာရည်နဲ့ ဆေးပေးရင် ပိုးသေပါတယ် ...ကိုရိုနာကာကွယ်ပါတယ်" ဆိုတဲ့ပို့စ်တွေကို / အပြောတွေကို မှန်မမှန် ဆန်းစစ်ဖို့ ဗဟုသုတ ရှိသွားပါပြီ ။ ဆားရည်နဲ့...ထုံးနဲ့...ရှာလကာရည်နဲ့ ...အရက်ပြန် ....ပလုတ်ကျင်းရင် အပေါ်ယံ ပါးစောင်က ဆဲလ် အနည်းငယ်နဲ့ ထိတွေ့မိကောင်းမိနိုင်ပါလိမ့်မယ် ။ ဒါပေမယ့် ရောဂါကို ကာကွယ်ဖို့ကတော့ အဝေးကြီးပါ ။

 

နှာခေါင်းက စတဲ့ အသက်ရှူလမ်းကြောင်း တောက်လျှောက်က သိန်းနဲ့ချီတဲ့ cell တွေမှာ၊ မျက်ကြည်လွှာက cell တွေမှာ၊ သွေးကတစ်ဆင့် သွားမယ့်နေရာတွေမှာ ၊ အဆုတ်ထဲက cell တွေမှာ ပွားနေဖို့ ....ပွားရင်း လုံလောက်တဲ့ ပိုးပမာဏတစ်ခုကိုရောက်ရင် ရောဂါဖြစ်စေဖို့....အခွင့်အလမ်းတွေ ဗိုင်းရပ်စ်ပိုးမှာ အများကြီးကျန်ပါသေးတယ် ။ လူကိုယ်ထဲ ဘယ်လို၀င်သလဲဆိုတဲ့ ပထမမေးခွန်းတော့ ဖြေပြီးပါပြီ ။ အဲတော့....ဒုတိယမေးခွန်းလေး ဆက်ရအောင်ပါ။

 

နံပါတ် (၂) ဆပ်ပြာဟာ ပိုးကိုဘယ်လို သတ်တာလဲ??

ဆီပေနေတဲ့လက်ကို ဆပ်ပြာနဲ့ဆေးမှ ပြောင်တာ ဘာလို့လဲလို့ ငယ်ငယ်က ကျွန်မတို့ စဉ်းစားဖူးကြမှာပါ။ အခုတော့ အဖြေ သိပါပြီ ။ ဆပ်ပြာတွေမှာ အဆီကိုဖျော်နိုင်စွမ်း ရှိတဲ့ပစ္စည်း amphiphilic substance တွေ ပါပါတယ် ။ ဗိုင်းရပ်စ်ဟာ RNA အမျှင်ကို အဆီအုပ်ထားတဲ့ အကောင်ဆိုတာ မှတ်မိကြဦးမယ် ထင်ပါတယ်...။ အဲတော့ဆပ်ပြာနဲ့ လက်ဆေးလိုက်ရင် ပိုးရဲ့ အဆီခွံဟာ ဆပ်ပြာမှာ ပျော်ပြီးကျွတ်သွားပါတယ် ။ အခွံကျွတ်ရင် အထဲက RNA အမျှင်ရဲ့ဘ၀ဟာလည်း နိတ္ထိတံပါပြီ ။ Alcohol 60% နဲ့ အထက်ပါတဲ့ hand sanitizer တွေရဲ့ သဘောဟာလည်း ဆပ်ပြာအတိုင်းပါပဲ ။ Alcohol ထဲမှာ ပျော်၀င်ပြီး ပိုးရဲ့ အဆီခွံကျွတ်သွားတာကြောင့်ပါ။

 

ဒါဆို .... အရက်ပြန်သောက်ရင် ၊ ဆားရည်နဲ့ ပလုတ်ကျင်းရင် ၊ ထုံးရည်နဲ့ထိဖို့ ကွမ်းယာစားရင် ၊ ဘာလို့ လူကိုယ်ထဲက ကိုရိုနာပိုးကို မသတ်နိုင်လဲဆိုတာ တွေးကြည့်ကြရအောင်ပါ ။ မြင်အောင်ပြောရရင် ဗိုင်းရပ်စ်ပိုးဟာ လူကိုယ်ထဲမှာ.... ပါးစပ်ထဲမှာ/လည်ချောင်းထဲမှာ ဒီအတိုင်း လေးရက်တိတိနေပါမယ်လို့ စာချုပ်ချုပ်ပြီး ငုတ်တုတ်ထိုင် စောင့်နေတာမဟုတ်ပါဘူး ။ လူ့ဆဲလ်တစ်လုံးချင်းစီရဲ့ အလယ်ခေါင်က nucleus အထဲမှာ ၀င်ပုန်းပြီး စားသောက်ပြီး ကလေးအသစ်တွေ မွေးနေတာပါ ။

 

သူ့ကို ကာကွယ်ပေးထားတာ (ဓာတ်တိုင်မှာ/လက်မှာ ကပ်နေရတဲ့ မျက်နှာမွဲပိုးဘဝတုန်းကလို) သူ့ရဲ့ အဆီခွံတစ်ခုထဲ မဟုတ်တော့ပါဘူး ။ သူ့ကို စပွန်ဆာပေးနေတဲ့ လူ့ဆဲလ်ရဲ့ ကိုယ်ပိုင်အခွံတစ်ထပ်အပြင် nucleus ရဲ့ အခွံတစ်ထပ်ကပါ ပိုးကို ကာကွယ်ပေးနေပါပြီ ။ မြန်မာဘုရင်တွေ လက်ထက်က စစ်တိုက်တဲ့ ဥပမာနဲ့ ပြောရရင် ပိုရှင်းမယ် ထင်ပါတယ်။ လူရဲ့ cell အခွံက မြို့ရိုးနဲ့ အလားတူပါတယ်... ပိုးကတော့ မြို့ရဲ့အလယ် နန်းတော်ထဲ ထိုင်နေတာပါ ။ ပိုးကို ဆားရည်စိမ်/ထုံးရည်စိမ် သတ်ချင်ရင် ... မြို့ရိုးနဲ့တူတဲ့ လူ့ဆဲလ်ရဲ့ နံရံကို အရင်ဖျက်ဆီးရပါမယ် ။ ပြီးရင် နန်းတော်ရဲ့ တံတိုင်းနဲ့ တူတဲ့ nucleus ရဲ့နံရံကို ထပ်ဖျက်ဆီးရပါမယ် ။

 

အဲဒါပြီးမှ RNA အမျှင်တွေဆီကို ရောက်မှာပါ ... ဆိုလိုတာက ပိုးကို ရှာလကာရည်စိမ်/ဆားရည်စိမ် သတ်ချင်ရင် ပုံမှန် ပါးစပ်ထဲ ထည့်လို့ရတဲ့ ရှာလကာရည်ပြင်းအားနဲ့ မတိုးပါဘူး ။ လူဆဲလ်နံရံပါ ပျက်စီးအောင် ပြင်းအားရှိမှ ဆဲလ်အထဲက ပိုးသေမှာပါ ။ အဲလိုပြင်းအားရှိရင် လူ‌လဲသေပါပြီ ။ အဲဒါကြောင့် ကမ္ဘာရပ်ရပ်မှာ သိပ္ပံပညာရှင်တွေက လူဆဲလ်မသေဘဲ အထဲက ပိုးကိုပဲ ရွေးပြီးသေစေနိုင်တဲ့ ကုသမှုနည်းလမ်းတွေကို ဒေါ်လာသန်းချီအကုန်ခံပြီး ရှာနေကြတာပါ ။ ( ဆားရည်နဲ့ ပလုတ်မကျင်းတတ်လို့ မဟုတ်ပါဘူး )

 

ခုန အပေါ်မှာ ပြောခဲ့တဲ့.... S-protein တွေ ၊ lungs ရဲ့ type-2 cells တွေက ACE-2 receptors တွေကို တားနိုင်တဲ့ ဆေးတွေ ရှာနေကြပါတယ် ။ အခုထက်ထိတော့ လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင် မအောင်မြင်သေးပါဘူး ။ ကောင်းသလိုလိုရှိလို့ မှန်းပြီး သတိနဲ့သုံးနေရတဲ့ဆေးတွေပဲ ရှိပါသေးတယ် ။ စာဖတ်သူတွေလည်း သတင်းထဲမှာ မြင်ဖူးကြမှာပါ ။ ငှက်ဖျားဆေးတို့၊ HIV မှာ သုံးတဲ့ဆေးတို့ကို စမ်းသုံးပြီး ကုနေတဲ့ နိုင်ငံတွေရှိပါတယ် ။ အနှစ်ချုပ်ပြန်ပြောရရင်.... လူ့ဆဲလ်ထဲ ရောက်သွားပြီဖြစ်တဲ့ ကိုရိုနာပိုးကို သတ်ဖို့ဟာ အပြင်မှာရှိတဲ့ ပိုးကိုသတ်ဖို့လောက် မရိုးရှင်းပါဘူး ။

 

အခု တော်တော်တီးမိခေါက်မိသိသွားပြီဆိုတော့ ဖွဘုတ်မှာ ပျံ့နေတဲ့ ဒီအယူအဆတွေကို ပြန်ဖတ်ကြည့်ပါ။

❌ကွမ်းထဲမှာ ထုံးပါလို့ ပိုးသတ်နိုင်...

❌ရှာလကာရည်နဲ့ ပလုတ်ကျင်းရင် အချဉ်ဓာတ်အက်ဆစ်ဖြစ်လို့ ကိုရိုနာပိုးကာကွယ်နိုင်....

❌ဆားရည်နဲ့ ပလုတ်ကျင်းရင် ကိုရိုနာပိုး ကာကွယ်နိုင်...

❌လည်ချောင်းမှာ လေးရက်နေတယ် / ပြီးရင်အဆုတ်ထဲဆင်းသွားတယ် / အဲဒါကြောင့် လည်ချောင်းကို ဆားရည်နဲ့ ရှာလကာရည်နဲ့ ဆေးပေးရင် ပိုးကာကွယ်နိုင်....

❌ကိုရိုနာပိုးက အေးရင် ပိုဖြစ်လို့ လည်ချောင်းအေးသွားအောင် ရေခဲမုန့် မစားရ...

 

နိဂုံးချုပ်ရရင်... လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုမှာ အသိဉာဏ်ဟာ ဘ၀ရဲ့ တန်ဖိုးအရှိဆုံး asset ပါ ....။

အဲဒီ အသိဉာဏ်ကို အဆိပ်လာခတ်သူများကို ပြတ်ပြတ်သားသား ငြင်းဆိုနိုင်ပါရစေလား ။

Su Mya Win (FACEBOOK)

Read times
Rate this item
(1 Vote)