What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 23 April 2020 15:05

တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ မြန်မာနိုင်ငံ၌ လုပ်ငန်းအောင်မြင်စွာ ပြီးဆုံးပြီဖြစ်၍ ပြန်လည်ထွက်ခွာ

မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းအား ကူညီရန်အတွက် တရုတ်နိုင်ငံမှ စေလွှတ်သော အဖွဲ့ဝင် (၁၂) ဦးပါဝင်သည့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့သည် တာဝန်အောင်မြင်စွာ ပြီးဆုံးပြီဖြစ်၍ ဧပြီလ ၂၂ ရက်နေ့မနက်ပိုင်းတွင် ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာသွားခဲ့ပါသည်။

 

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ သံမှူးကြီး Ms. Li Xiaoyan နှင့် မြန်မာနိုင်ငံကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းတို့က လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ ပါသည်။ နေပြည်တော်၌ COVID-19 ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ ညွှန်ကြားလျက်ရှိသည့် မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဗွီဒီယိုမှတစ်ဆင့် ကျွမ်းကျင်ပညာရှင်များအဖွဲ့အား ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး နှုတ်ဆက်ခဲ့ ပါသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ရှိတွင် မြန်မာနိုင်ငံသည် COVID-19 ရောဂါ၏ ကြီးမားသောစိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ တရုတ်ကျွမ်းကျင်ပညာရှင်များအဖွဲ့က ယခုလို ခက်ခဲလှသည့်အချိန်၌ မြန်မာနိုင်ငံသို့ လာရောက်ကူညီပေးခြင်းကို အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ ယင်းသည် မြန်မာ-တရုတ်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို သက်ဝင်လှုပ်ရှားစွာပေါ်လွင်စေကြောင်း၊ လွန်ခဲ့သည့်နှစ်ပတ်အတွင်း၌ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် ဒေသအသီးသီးသို့ သွားရောက် လေ့လာ၍ ညွှန်ပြမှုများပေးပြီး မြန်မာနိုင်ငံကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းနှင့် ပြည်နယ်အသီးသီးမှ ကျန်းမာရေးဌာနတို့နှင့် ဗွီဒီယိုအစည်းအဝေးကျင်းပကာ မြန်မာနိုင်ငံ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်မှုနှင့် ကုသကယ်ဆယ်ရေးအတွက် သိပ္ပံနည်းကျစွာ အကြံပြုချက်များကို ပေးအပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံဗဟိုနှင့် ဒေသန္တရကျန်းမာရေးဌာနများက ကျွမ်းကျင်ပညာရှင်များ အဖွဲ့ကပေးအပ်သည့် အကြံပြုချက်များအား သေချာစွာသင်ယူ၍ လက်တွေ့လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အင်တိုက်အားတိုက်ကူညီပေးမှုကြောင့် မြန်မာနိုင်ငံသည် COVID-19 ရောဂါကို ဆောလျင်စွာတိုက်ဖျက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ မိမိတို့သည် တရုတ်နိုင်ငံနှင့် ဆေးပညာဆိုင်ရာကူးလူးဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်၍ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အားသစ်လောင်းပေးလိုကြောင်း ပြောကြားခဲ့ပါသည်။


သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွားနေသည့်အခြေအနေ တွင် တရုတ်နိုင်ငံအစိုးရက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ စေလွှတ်၍ အဝေးမှ လာရောက်ကူညီပေးခြင်းသည် တရုတ်-မြန်မာနက်ရှိုင်းလှသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပေါ်လွင်စေပြီး တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်း၏ အနှစ်သာရကို လက်တွေ့ ဖော်ဆောင်နေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်ကာလအတွင်း၌ တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များသည် မြန်မာနိုင်ငံနှင့် စေတနာအပြည့်အဝဖြင့် ပူးပေါင်းဆောင်ရွက်ပြီး ရောဂါကာကွယ်ရေးအတွေ့အကြုံများကို သေသေချာချာမျှဝေကာ မြန်မာနိုင်ငံအတွက် ရောဂါကာကွယ်ရေးကျန်းမာရေးဝန်ထမ်းများစွာ လေ့ကျင့်ပေးခဲ့သည့်အပြင် ကုသရေးလုပ်ငန်းများအတွက်လည်းလမ်းညွှန်ခဲ့ကြောင်း၊ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် ကုသရေးပစ္စည်းများစွာ အထူးသဖြင့် ဗိုင်းရပ်စ်ရှိမရှိအလိုအလျောက်စမ်းသပ်ရေးစက် စသည်တိို့ကို သယ်ဆောင်လာပြီး မြန်မာနိုင်ငံက ရောဂါကာကွယ်ရေး လုပ်ငန်းများထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် အကျိုးထမ်းဆောင်ပေးခဲ့ကြောင်း၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ မြန်မာနိုင်ငံအား လာရောက်ကူညီပေးခြင်းသည် တရုတ်-မြန်မာပူးပေါင်း၍ COVID-19 ရောဂါ တိုက်ဖျက်ရေးကို ထင်ဟပ်စေကြောင်း၊ ယနေ့တွင် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအဖွဲ့ သည် တာဝန်အောင်မြင်စွာပြီးဆုံးပြီဖြစ်၍ ပြန်လည်ထွက်ခွာတော့မည်ဖြစ်သော်လည်း မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံက ဆက်လက်ကူညီပေးမည်ဖြစ်ကြာင်း၊ မိမိတို့သည် မြန်မာနိုင်ငံနှင့် အပြန်အလှန်ကူညီဖေးမ၍ ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ကာ COVID-19 ရောဂါ တိုက်ဖျက်ရေး အောင်မြင်မှုအား အတူတကွဆွတ်ခူးရရှိလိုကြောင်း ပြောကြားခဲ့ပါသည်။


တရုတ်ဆေးဘက်ဆိုင်ရာပညာရှင်များအဖွဲ့သည် ဧပြီလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၌ရှိနေစဉ်အတွင်း ပူပြင်းလှသည့်ရာသီဥတု စသဖြင့် အခက်အခဲများကို ကျော်လွှား၍ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ ဆေးကုသရေးအဖွဲ့အစည်း၊ ဓာတ်ခွဲခန်းနှင့် သီးသန့်စောင့်ကြည့်သည့်နေရာ ၄၃ ခုသို့ သွားရောက်၍ ကူးလူးဖလှယ်ပြီး မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကျန်းမာရေးဌာနများနှင့် ဗီဒီယိုမှတစ်ဆင့် ဆွေးနွေးကာ ကူးလူးဖလှယ်ရေးနှင့် လေ့ကျင့်ရေးအခမ်းအနားပေါင်း ၆၀ ကျော် ကျင်းပပြီး လူဦးရေပေါင်း ၄၀၀ ကျော်ကို လေ့ကျင့်ပေးခဲ့ပါသည်။

 

ကျွမ်းကျင်ပညာရှင်များအဖွဲ့က မြန်မာနိုင်ငံအား လုပ်ငန်းအကြံပြုချက်နှင့် နည်းပညာလမ်းညွှန်မှုများစွာ ပေးအပ်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ဓာတ်ခွဲခန်းတွင်စမ်းသပ်ရေး၊ ဆေးရုံတွင် ရောဂါကူးစက်မှုထိန်းချုပ်ရေး၊ ကုသကယ်ဆယ်ရေး၊ တရုတ်တိုင်းရင်းဆေးဖြင့် ကုသရေးစသည့်နယ်ပယ်များတွင် တရုတ်အတွေ့အကြုံများအား မျှဝေခဲ့ပါသည်။ ကျွမ်းကျင်ပညာရှင်များအဖွဲ့ကလည်း မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ အတွက်လည်း ကျန်းမာရေးလမ်းညွှန်မှုနှင့် ကူညီမှုများလည်း ပေးအပ်ခဲ့ပါသည်။ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့၏လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံနယ်ပယ်အသီးသီး၏ ချီးကျုးခြင်းကို ခံခဲ့ရပါသည်။

 

Chinese Embassy in Myanmar

Read times
Rate this item
(0 votes)