What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 17 January 2022 11:05

အိန္ဒိယတွင် လူ (၁)သန်းခန့် စုပြုံရေချိုးဆင်းမှုများကြောင့် ကပ်ရောဂါ ပိုဆိုးဝါးလာမည်ကို ပညာရှင်များ စိုးရိမ်

အိန္ဒိယတွင် လူ (၁)သန်းခန့် စုပြုံရေချိုးဆင်းမှုများကြောင့် ကပ်ရောဂါ ပိုဆိုးဝါးလာမည်ကို ပညာရှင်များ စိုးရိမ်

ဘာသာရေးပွဲတော် ရောက်ရှိတော့မည့်အချိန်နှင့်အတူ လူပေါင်း ၁ သန်း နီးပါးက အိန္ဒိယနိုင်ငံ အနောက် ဘန်ဂေါပြည်နယ် တောင်ပိုင်းရှိ ကျွန်းလေးတစ်ကျွန်းသို့ လာရောက် ဘုရားဖူးပြီး စုပြုံရေချိုးကြမည်ဟု ခန့်မှန်းရကြောင်း ယင်းပြည်နယ်အရာရှိတစ်ဦးက ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
အိန္ဒိယတွင် လက်ရှိ ကိုဗစ်ကပ်ရောဂါအခြေအနေ အရှိန်အဟုန်ဖြင့် တစ်ကျော့ပြန်လာနေခြင်းဖြစ်ရာ ကျန်းမာရေးပညာရှင်များက ဤပွဲတော်လှုပ်ရှားမှုကြောင့် “ရောဂါအလွန်အကဲ ပြန့်ပွားမှု”ဖြစ်ကာ အခြေအနေ ပို၍ ဆိုးဝါးလာမည်ကို စိုးရိမ်လျက်ရှိသည်။
Sagar ကျွန်းသည် အနောက် ဘန်ဂေါပြည်နယ် ဂင်္ဂါမြစ် မြစ်ဝကျွန်းပေါ်ဒေသ၊ ကာလကတ္တားမြို့ တောင်ဘက် ၁၀၀ ကီလိုမီတာခန့်တွင် တည်ရှိသည့် ဟိန္ဒူဘာသာ၏ နာမည်ကျော် ဘုရားဖူးနေရာတစ်ခု ဖြစ်သည်။ နှစ်စဉ် ဇန်နဝါရီ ၁၄ ရက်မှ ၁၅ ရက်အတွင် သိန်းနှင့်ချီသော ဟိန္ဒူဘာသာဝင်များက ယင်းကျွန်းလေး၏ တောင်ဘက် Gangasagarသို့ ဘုရားဖူးသွားရောက်ကြပြီး ရေချိုးလေ့ရှိသည်။
သောင်းနှင့်ချီသည့် ဘုရားဖူးများ Gangasagarကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ “လူအရေအတွက်က ၈ သိန်းမှ ၁ သန်းအထိတိုးလာနိုင်တယ်။ ရောဂါကာကွယ်ရေးသတ်မှတ်ချက်တွေလုပ်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်”ဟု ပွဲတော်ကျင်းပရေးတာဝန်ခံ အနောက်ဘန်ဂေါပြည်နယ် အရာရှိ Bankim Chandra Hazraက ရိုက်တာသို့ ဇန်နဝါရီ ၁၁ ရက်က ပြောကြားခဲ့သည်။
Bankim Chandra Hazra၏ ပြောကြားချက်အရ လူစုလူဝေးမဖြစ်စေရန်အတွက် ကောင်းကင်မှ မောင်းသူမဲ့ယာဉ်ဖြင့် ဂင်္ဂါမြစ်ရေကို ပက်ဖြန်းဖို့ မူလက စီစဉ်ခဲ့ကြောင်း၊ သို့သော် ဘာသာရေးအဆင့်မြင့်လူပုဂ္ဂိုလ်များက လူတွေကို ရေစိမ်ဖို့ ပြောဆိုနေခြင်းကြောင့် “ကျွန်တော်တို့အနေနဲ့ မတားဆီးနိုင်ခဲ့ဘူး”ဟု ၎င်းက ဆိုသည်။
အနောက်ဘန်ဂါပြည်နယ်သည် မဟာရာရှ်ထရာပြည်နယ်ပြီးလျှင် အိန္ဒိယတွင် ကိုဗစ်အတည်ပြုလူနာတိုးပွားမှု ဒုတိယ အများဆုံးဖြစ်သည်။ ဇန်နဝါရီ ၁၁ ရက် ထုတ်ပြန်ချက်များတွင် ထပ်တိုးအတည်ပြုလူနာ ၁၆၈,၀၆၃ ဦး ရှိရာ နေစဉ်ထပ်တိုးလူနာဦးရေသည် ပြီးခဲ့သည့်လထက် ၁၉ ဆ တိုးလာကြောင်း သိရသည်။
ကပ်ရောဂါတစ်ကျော့ပြန်နေသည့် အခြေအနေတွင် အိန္ဒိယ၏ ပြည်နယ်အများစု၌ ညမထွက်အရ အမိန့်ထုတ်ပြန်ထားပြီး မြို့တော် နယူးဒေလီတွင် ရက်သတ္တတစ်ပတ်ကြာ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရာ ပုဂ္ဂလိကဌာနဆိုင်ရာများ၊ စားသောက်ဆိုင်နှင့်အရက်ဘားများကို ပိတ်ထားခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ် ဧပြီလမှ မေလအတွင်း ဗီဇပြောင်း ဒယ်လ်တာကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခဲ့သည့် ကပ်ရောဂါလှိုင်းနှင့်နှိုင်းယှဉ်မည်ဆိုပါက ယခုအကြိမ်ကူးစက်မှု၏ ဆေးရုံတင်ကုသမှုနှုန်းသည့် ထက်ဝက်ပင် မရှိကြောင်း သိရသည်။
အိန္ဒိယ ကျန်းမာရေးပညာရှင်အချို့က ဤဘာသာရေးပွဲတော် လှုပ်ရှားမှုကြောင့် ကိုရိုနာဗိုင်းရပ်စ် “အလွန်အကဲ ပြန့်ပွားမှု” ဖြစ်လာမည်ကို စိုးရိမ်လျက်ရှိရာ တရားရုံးတွင် ပွဲတော်ရပ်နားဖို့ ကြိုးပမ်းတောင်းဆိုခဲ့ကြသည် ဘုရားဖူးအားလုံး ကိုရိုနာဗိုင်းရပ်စ် နျူကလစ်အက်ဆစ်ဆေးစစ်မှုများ ပြုလုပ်ရမည်ဟု ကာလကတ္တား အဆင့်မြင့်တရားရုံးက ဇန်နဝါရီ ၁၁ ရက်တွင် ဆုံးဖြတ်ခဲ့သည်။
တရားရုံး၏အထက်ပါဆုံးဖြတ်ချက်ကို လက်တွေ့ဆောင်ရွက်မှု ရှိနိုင်မရှိနိုင် မသိရသေးသော်လည်း ပွဲတော်ရောက်ရှိမည့်အချိန်နီးကပ်သည့်နှင့်အမျှ အရေအတွက်များပြားသည့် ဘုရားဖူလူထုကြီး၏ ဤရက်ပိုင်းအတွင်း ဆေးစစ်မှုလုပ်ငန်း ပြီးစီးနိုင်မှုရှိမရှိကိုလည်း မသိရသေးဖြစ်နေသည်။ ရိုက်တာသတင်းဌာန၏ ဖော်ပြချက်များအရ အိန္ဒိယတွင် ဇန်နဝါရီ ၁၀ ရက်က ဓါတ်ခွဲနမူနာ ၁.၆ သန်း စစ်ဆေးခဲ့ကြောင်း နေ့စဉ် ဓါတ်ခွဲစစ်ဆေးမှုပေါင်း ၂ သန်းကျော် လုပ်ဆောင်နိုင်ကြောင်း ဆိုသည်။ လက်ရှိ သတ်မှတ်ချက်များအရ အတည်ပြုလူနာနှင့်အနီးကပ်ထိတွေ့သူသည် ဆေးစစ်ရန်မလိုအပ်ကြောင်း သိရသည်။
အမေရိကန် မီချီဂန်တက္ကသိုလ် ကူးစက်ရောဂါဗေဒ ပါမောက္ခ Bhramar Mukherjeeက ယခု လူစုလူဝေးလှုပ်ရှားပွဲက “ကပ်ဘေးအသွင်”နောက်ဆက်တွဲဆိုးကျိုးများကို လက်ယက်ခေါ်သလို ဖြစ်နိုင်ကြောင်း ဆိုသည်။ ပြီးခဲ့သည့်နှစ် အိန္ဒိယနိုင်ငံ မြောက်ပိုင်း ကုမ်မာလာ (Kumbh Mela) ပွဲတော်ကျင်းပသည့်ကာလတွင် လူထု လူစုလူဝေးဖြင့် ဂင်္ဂါမြစ်ကမ်းနဘေး ဆုတောင်း ရေချိုးဆင်းခဲ့ခြင်း၊ အစည်ကားဆုံးအချိန်တွင် တစ်ရက်လျှင် လူပေါင်း သန်းနှင့်ချီစုဝေးခဲ့ခြင်းကြောင့် ဒယ်လ်တာ ပြန့်ပွားမှု အိန္ဒိယတွင် ပို၍ ဆိုးဝါးစေခဲ့ကြောင်း ဆိုသည်။
အိန္ဒိယနိုင်ငံတွင် ယနေ့အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၃၅.၈၈ သန်း ရှိရာ အမေရိကန်နိုင်ငံပြီးလျှင် ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ကြောင်း၊ ရောဂါကြောင့်သေဆုံးမှု စုစုပေါင်း ၄၈၄,၀၀၀ ကျော် ရှိကြောင်း သိရသည်။

(Xinhua)

 

Read times Last modified on Monday, 17 January 2022 11:07
Rate this item
(0 votes)