What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 14 November 2018 15:38

လေဖြတ်ခြင်းက ကျန်းမာရေးကို ဘယ်လိုထိခိုက်စေတာလဲ

လေဖြတ်ခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေတခုဖြစ်တဲ့အတွက် အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်သလို နာလန်ထကာလမှာလည်း ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းတွေကို ဂရုတစိုက်လုပ်ပေးဖို့လိုတဲ့အကြောင်း သင်သိပြီးဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် လေဖြတ်ခြင်းဟာ အသက်ဆုံးရှုံးစေတာရယ်၊ကိုယ်ခန္ဓာမလှုပ်ရှားနိုင်တော့တာရယ်အပြင် သင့်ကျန်းမာရေးကို ဘယ်လိုထိခိုက်မှုတွေရှိစေသလဲဆိုတာ သင်သိပါသလား။ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။သင်မသိသေးတဲ့ ကျန်းမာရေးဗဟုသုတတွေ မျှဝေပေးထားတာကို တွေ့ရပါလိမ့်မယ်။

 

လေဖြတ်ခြင်းကြောင့် ကြွက်သားများဆိုင်းခြင်း

ကြွက်သားများဆိုင်းကုန်ခြင်း သို့မဟုတ် ကြွက်သားများ မလှုပ်ရှားနိုင်တော့ခြင်းဟာ လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲ အဖြစ်အများဆုံး ပြဿနာတခုပါ။ယေဘုယျအားဖြင့် သင့်ခန္ဓာကိုယ်တခြမ်းလုံးမှာရှိတဲ့ ကြွက်သားတွေ၊အကြောတွေ ဆိုင်းကုန်ပါတယ်။မျက်နှာတခြမ်း၊ခြေတဖက်၊လက်တဖက် ဒါမှမဟုတ် ကိုယ်တခြမ်းလုံးမလှုပ်နိုင်တော့တာမျိုးတွေပေါ့။ဒါမျိုးကို ကိုယ်တခြမ်းလေဖြတ်ခြင်းလို့ ခေါ်ပါတယ်။ကိုယ်တခြမ်းလေဖြတ်ထားသူတွေဟာ နိစ္စဓူဝပြုဖွယ်ရာတွေဖြစ်တဲ့ အဝတ်အစားလဲခြင်း၊စားသောက်ခြင်း၊လမ်းလျှောက်ခြင်း အစရှိတာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါဘူး။ဦးနှောက်ရဲ့ အခြေနေရာကို ထိခိုက်သွားရင်လည်း လမ်းလျှောက်ခြင်း၊ခန္ဓာကိုယ်ဟန်ချက်ထိန်းခြင်း၊ကိုယ်နေဟန်ထားထိန်းသိမ်းခြင်း စတဲ့ လုပ်ဆောင်မှုတွေမှာ ပြဿနာတွေ ရှိလာပါလိမ့်မယ်။

 

အာရုံငါးပါးမခံစားနိုင်တော့ခြင်း

သင့်အနေနဲ့ အပူအအေး၊အထိအတွေ့နဲ့ နာကျင်မှုတို့ကို ခံစားနိုင်ခြင်း မရှိတော့ပါဘူး။သင့်လက်ထဲမှာ အရာဝတ္ထုတခုကိုင်ထားလို့လည်း ကိုင်ထားကြောင်း သိချင်မှ သိတော့မှာပါ။သင့်ခန္ဓာကိုယ်ရဲ့ အချို့သောနေရာတွေ (ဥပမာ ခြေ၊လက် စသည်)မှာ နာကျင်နေတာ၊ထုံနေတာ၊အားနည်းနေတာ ဒါမှမဟုတ် ပြောမပြတတ်အောင် ထူးခြားတဲ့ ခံစားမှုတမျိုးရှိနေတာ စတဲ့အနေအထားတွေကိုလည်း ကြုံတွေ့လာရပါမယ်။ဒါ့အပြင် အပူချိန်အပြောင်းအလဲနဲ့ ပတ်သက်တဲ့ ပြဿနာတွေလည်း ပေါ်လာပါမယ်။ဥပမာ သင့်အနေနဲ့ အရမ်းချမ်းနေတာမျိုး စသဖြင့်ပေါ့။အထက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာတွေဟာ လေဖြတ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ စတင်ဖြစ်ပေါ်လာနိုင်ပြီး အချိန်ကြာလာတာနဲ့အမျှ တိုးတက်ကောင်းမွန်လာပါလိမ့်မယ်။သင့်အနေနဲ့ ဆီးမထိန်းနိုင်တာမျိုးလည်း ရှိလာနိုင်ပါတယ်။ဒီတော့ ဆီးသွားချင်တာကို သတိမထားမိတာ ဒါမှမဟုတ် ဆီးအိမ်ကြွက်သားတွေကို မထိန်းချုပ်နိုင်တာမျိုးတွေ ဖြစ်လာပါမယ်။ဒါ့အပြင် ဝမ်းချုပ်ခြင်း၊ဝမ်းမထိန်းနိုင်ခြင်း စတာတွေကိုလည်း ကြုံတွေ့ရင်ဆိုင်လာရနိုင်ပါတယ်။

 

စကားပြောခြင်းဆိုင်ရာ ပြဿနာများ၊အစာရေစာ မြိုချခြင်းဆိုင်ရာ ပြဿနာများ

ဘာသာစကားပြောဆိုမှုကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်း ထိခိုက်ပြီဆိုရင် သင့်အနေနဲ့ ဘာသာစကားဆိုင်ရာ အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်လာရပါပြီ။သင့်ရဲ့ အရေး၊အဖတ်၊အပြောနဲ့ ဘာသာစကားတခုကို နားလည်နိုင်စွမ်းဟာလည်း ထိခိုက်သွားပါလိမ့်မယ်။ဦးနှောက်ရဲ့ Broca’s area လို့ခေါ်တဲ့ နေရာကို ထိခိုက်သွားရင် သင့်အနေနဲ့ စိတ်ထဲမှာတွေးတောသမျှကို စကားအဖြစ် ထုတ်ဖော်ပြောဆိုနိုင်စွမ်း ဆုံးရှုံးသွားမှာဖြစ်ပြီး စကားလုံးတွေကို အထားအသိုမှန်မှန် ပြောဆိုနိုင်တော့မှာလည်း မဟုတ်ပါဘူး။ဒီလိုအခြေအနေကို ဆေးပညာဝေါဟာရနဲ့ expressive aphasia လို့ ခေါ်ပါတယ်။Wernicke’s area လို့ခေါ်တဲ့ နေရာကို ထိခိုက်ရင်တော့ သင့်အနေနဲ့ တခြားသူတယောက်ရဲ့ ပြောစကား ဒါမှမဟုတ် ရေးထားတဲ့ စာတွေကို နားလည်နိုင်တော့မှာ မဟုတ်ပါဘူး။ပါးစပ်နဲ့ လည်ချောင်းမှာရှိတဲ့ ကြွက်သားတွေကို ထိန်းချုပ်နိုင်စွမ်းဆုံးရှုံးသွားပြီဆိုရင် အစာနဲ့ရေမြိုချရာမှာလည်း ပြဿနာတွေ ရှိလာနိုင်ပါတယ်။ဒီလိုဆိုရင် အစာနင်ပြီး အသက်ရှုကျပ်တာ၊မွန်းတာမျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် အရေးကြီးပါတယ်။

 

မှတ်ဉာဏ်ပြဿနာများ၊ကြံစည်တွေးတောခြင်းဆိုင်ရာ ပြဿနာများ

သင့်ရဲ့ ကြံစည်တွေးတောခြင်း၊မှတ်သားခြင်း၊သင်ယူလေ့လာခြင်း အစရှိတဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ပေးတဲ့ ဦးနှောက် အစိတ်အပိုင်းဟာလည်း လေဖြတ်ခြင်းကြောင့် ထိခိုက်သွားနိုင်ပါတယ်။ဒါဆိုရင် မှတ်ဉာဏ်တွေ ပျောက်ဆုံးတာ၊တစုံတရာကို အာရုံစိုက်ပြီး မတွေးတောနိုင်တော့တာတွေနဲ့ ရင်ဆိုင်လာရပါမယ်။ဆုံးဖြတ်ချက်ချခြင်း၊အစီအစဉ်များ ရေးဆွဲခြင်း၊ပိုင်းခြားဝေဖန်မှုများ ပြုလုပ်ခြင်း၊အသစ်အသစ်သော စွမ်းရည်တွေကို လေ့လာသင်ယူခြင်း၊အကြောင်းခြင်းရာတခုခုကို နားလည်သဘောပေါက်ခြင်း၊စိတ်နဲ့ တွက်ချက်လုပ်ဆောင်ရခြင်း အစရှိတဲ့ အရာတွေကို လုပ်ဆောင်နိုင်စွမ်း သင့်မှာ မရှိတော့ပါဘူး။

 

စိတ်ခံစားမှုဆိုင်ရာ ပြဿနာများ

သင့်အနေနဲ့ စိုးရိမ်ပူပန်ခြင်း၊ထိတ်လန့်ကြောက်ရွံ့ခြင်း၊စိတ်ဆိုးဒေါသထွက်ခြင်း၊ဝမ်းနည်းပူဆွေးခြင်း စတဲ့ ခံစားချက်တွေကို ခံစားရပါမယ်။ဒါတွေဟာ လေဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ သင့်ရဲ့ စိတ်နဲ့ခန္ဓာထိခိုက်မှုတွေကို တုံ့ပြန်တဲ့ သဘာဝတုံ့ပြန်မှုတွေပဲ ဖြစ်ပါတယ်။စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့ သင်ဟာ စိတ်ကျဝေဒနာကိုပါ ခံစားလာရပါလိမ့်မယ်။ရှင်းရှင်းပြောရရင် လေဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုပြဿနာတွေထဲမှာ စိတ်ကျဝေဒနာဟာ အဖြစ်အများဆုံးပဲ ဖြစ်ပါတယ်။စိတ်ကျဝေဒနာရဲ့ ရောဂါလက္ခဏာတွေကတော့ ရုတ်တရက် ကိုယ်အလေးချိန်တက်ခြင်း/ကျခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊စိတ်တိုစိတ်ဆတ်ခြင်း၊မိမိကိုယ်ကို သတ်သေလိုတဲ့ အတွေးအမြင်တွေ ပေါ်ပေါက်လာခြင်း တို့ပဲ ဖြစ်ကြပါတယ်။သင်ဟာ သင့်မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးပဲလို့ ခံစားလာရပါလိမ့်မယ်။

 

အမူအကျင့်များ ပြောင်းလဲခြင်း

သင်ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကြောင့် သင့်ရဲ့ အမူအကျင့်တွေလည်း ပြောင်းလဲလာပါပြီ။သင်ဟာ လူတွေကို ရှောင်လာမယ်။သင့်မိသားစုဝင်တွေ၊မိတ်ဆွေအပေါင်းအသင်းတွေ၊လုပ်ဖော်ကိုင်ဖက်တွေ၊ကုန်ကုန်ပြောရရင် ဘယ်သူနဲ့မှ မတွေ့ချင်တော့ပါဘူး။နေ့စဉ်အိမ်မှုကိစ္စတွေအတွက်လည်း ကူဖော်လောင်ဖက် လိုလာပါပြီ။

လေဖြတ်ခြင်းဟာ ဦးနှောက်ရဲ့ အစိတ်အပိုင်း အများအပြားကို ထိခိုက်စေတဲ့အတွက် ကျန်းမာရေးပြဿနာ အထွေထွေနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။သင့်အနေနဲ့ လေဖြတ်ခြင်းကပေးတဲ့ အသက်အန္တရာယ်ကနေ ရုန်းထွက်နိုင်ခဲ့တယ်ဆိုရင်တောင် နာကျင်ခြင်း၊ထုံခြင်း၊အားနည်းခြင်းတွေကို ခံစားရမှာဖြစ်တဲ့အပြင် နေ့စဉ်သွားလာနေထိုင်စားသောက်ပြောဆိုမှုတွေမှာလည်း အခက်အခဲ အမျိုးမျိုးနဲ့ ကြုံတွေ့ရမှာပါ။ဒါကြောင့် ကာကွယ်ခြင်း၊ဂရုတစိုက်ပြုစုစောင့်ရှောက်ပေးခြင်းနဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်များကို စနစ်တကျ လုပ်ဆောင်ခြင်းတို့ဟာ အထူးကို အရေးကြီးပါတယ်။

Source:hellosayarwon

လက်သည်းပွင့် နေရတဲ့ အကြောင်းအရင်း နှင့် ကုသနိုင်သည့်နည်းလမ်းများ

လက်သည်းပွင့် နေရတဲ့ အကြောင်းအရင်း နှင့် ကုသနိုင်သည့်နည်းလမ်းများ

Read times Last modified on Wednesday, 14 November 2018 15:46
Rate this item
(0 votes)