What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 14 March 2019 17:16

နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး နေထိုင်မှု ပုံစံ

နှလုံး ရောဂါက ပြင်းထန်ပြီး တစ်ခါတစ်ရံ အသက်ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ်ရှိနိုင်တဲ့ ရောဂါဖြစ်ပါတယ်။

နှလုံးမှာ ရောဂါတစ်မျိုးမျိုးဖြစ်တာနဲ့ အရှင်းပျောက်ကင်းသွားဖို့ မျှော်လင့်ချက်နည်းပြီး သွားတာ၊ လာတာ၊ စားတာ၊ သောက်တာ အစစအရာရာ သတိနဲ့နေထိုင်၊ဆေးဝါး နဲ့ အသက်ဆက်ရတဲ့ နာတာရှည်ရောဂါ ပုံစံမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

 

ဒါပေမဲ့ ဒီလို အခြေအနေဆိုးကို ကံတရားအဖြစ် သင်မဖြစ်မနေ လက်ခံလိုက်ရတော့မယ်လို့ မဆိုလိုပါဘူး။ သင့်မှာ မိသားမျိုးရိုးအရ၊ အသက်အရွယ်အရ ဖြစ်လာတဲ့ ရောဂါကို ပြောင်းလဲနိုင် စွမ်းမရှိသော်လည်း အသေးငယ်ဆုံးအဆင့် ဖြစ်တဲ့ ကြိုတင်ကာကွယ်မှုကိုတော့ လုပ်ဆောင်နိုင်ပါသေး တယ်။ နောင်တစ်ချိန်မှာ ကြုံတွေ့ကောင်းကြုံတွေ့လာရနိုင်တဲ့ နှလုံးရောဂါတစ်မျိုးမျိုးကို ရှောင်ရှားလိုတယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှု ပုံစံကို ယနေ့မှစတင်ပြီး ပြောင်းလဲနေ ထိုင်ဖို့ လိုအပ်ပါတယ်။

 

လှုပ်ရှားမှုရှိပါ

တစ်ပတ်မှာ အနည်းဆုံး မိနစ် ၁၅၀ လောက် အလယ်အလတ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးသင့်ပါတယ်။ သင်ပေးနိုင်မယ့် အချိန်၊ သင့်ခန္ဓာကိုယ်က လက်ခံနိုင်မယ့် အတိုင်းအတာကို တွက်ချက်ပြီး နေ့စဉ်ဖြစ်စေ ရက်ခြားပြီးဖြစ်စေ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်မျိုးမျိုး ပြုလုပ်ပေးဖို့ ပညာရှင်တွေတိုက်တွန်းထားပါတယ်။ အလုပ်တက်ရတဲ့ ငါးရက်ကို ရုံးတက်ရုံးဆင်းချိန် အသွား(၁၅) မိနစ်၊ အပြန်(၁၅) မိနစ် လမ်းလျှောက်ပေးခြင်း ကလည်း အထက်ပါ သတ်မှတ်ချက်ကို ပြည့်မီစေနိုင်ပါတယ်။

 

ဆေးလိပ်ဖြတ်ပါ

နှလုံးသွေးကြောပိတ်ရောဂါကို ဖြစ်စေတဲ့ အဓိကတရားခံက ဆေးလိပ်သောက်ခြင်း ဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေက ဆေးလိပ်မသောက်တဲ့ လူတွေနဲ့ယှဉ်လျှင် Heart Attack ဖြစ်နိုင်ချေ ရာခိုင်နှုန်းပိုများတာကို သင်သိထား ပြီး ဖြစ်မှာပါ။ ဆေးလိပ်သောက်တဲ့ အကျင့်လည်းရှိတယ်၊ သင့်နှလုံးကျန်းမာရေးကို စတင်ဂရုစိုက် ဖို့ဆန္ဒလည်း ရှိပြီဆိုရင်တော့ ဆေးလိပ်ဖြတ်လိုက် ပါ။ သင်ဆေးလိပ်ဖြတ်လိုက်ပြီး တစ်နှစ်အကြာ သင့်ရဲ့ နှလုံးအရင်ကထက် ပိုကျန်းမာလာတာ ကို ဆေးစစ်ချက် အဖြေတွေက သိနိုင်သလို ကိုယ်ကိုတိုင်လည်း ခံစားသိရှိနိုင်မှာဖြစ်ပါတယ်။

 

ကိုယ်အလေးချိန်ထိန်းပါ

ကိုယ်အလေးချိန် များလာလေလေ နှလုံးရောဂါဖြစ်ဖို့ ရာခိုင်နှုန်းပိုများလေလေပါ။ ဒါကြောင့် သင့်ရဲ့ ကိုယ်အလေးချိန်ကို BMI(Body Mass Index) အတိုင်းအတာ နဲ့ မကွာလွန်းတဲ့ အနေအထားမှာ ထိန်းသိမ်းထားဖို့လိုပါတယ်။ အဆီပါဝင်တဲ့ အစားအစာများကို တတ်နိုင်သမျှ လျှော့စားပြီး၊ အသီးအနှံနဲ့ အရွက်များများစားပေးဖို့ လိုအပ်ပါ တယ်။ သင့်တင့်မျှတတဲ့ ကိုယ်လက်လှုပ်ရှားမှုပါ ရှိမယ်ဆိုရင်တော့ သင့်ကိုယ်အလေးချိန် ဆိုးဆိုးဝါး ၀ါးတတ်လာဖို့ အကြောင်း မရှိနိုင်ဘူးလို့ ဆိုနိုင် ပါပြီ။

 

လမ်းလျှောက်ပါ

သင့်ရဲ့လုပ်ငန်းခွင်၊ လူနေမှု စတဲ့ ဘ၀ပုံစံက ဖိစီးမှုတွေများတဲ့ ပတ်ဝန်းကျင်ဖြစ်နေပါသလား။ အချိန်ကြာလာတာနဲ့ အမျှ သင့်ရဲ့ စိတ်ဖိစီးမှုတွေက သင့်နှလုံးကိုသာမက ခန္ဓာကိုယ်တစ်ခုလုံးကို ၀ါးမြိုသွားနိုင်ပါတယ်။ စိတ်ပြေလက်ပျောက် လမ်းလျှောက်ခြင်းက သင့်ရဲ့ စိတ်ပင်ပန်းမှုတွေကို ပြေပျောက်စေနိုင်ပါတယ်။ ဒါကြောင့် ဖိစီးမှုတွေနဲ့ ဝေးရာကိုလမ်းလျှောက်ပါလို့ ပညာရှင်တွေ အကြံပေးထားပါတယ်။

 

ဆားလျှော့စားပါ

နှလုံးကျန်းမာရေးအတွက် နောက်ထပ် အရေးပါတဲ့အရာက သွေးဖိအားဖြစ်ပါတယ်။ တည်ငြိမ်တဲ့ သွေးဖိအားကို ရရှိစေဖို့ သင်လုပ်ဆောင်နိုင်မယ့်အရာက ဆားရှောင်ဖို့ဖြစ်ပါတယ်။ သင်စားနေကျ ဆား ပမာဏထက်အနည်းငယ် လျှော့စားပါ။ သင်ဟင်းချက်တဲ့ အခါ ထည့်လေ့ရှိတဲ့ ဆားပမာဏကို လျှော့ချနိုင်သလို အပြင်မှာတစ်ခုခု စားမယ်ဆိုရင် အငန်လျှော့ပေးဖို့ပြောပြီး သင့်ရဲ့ ပထမ ခြေလှမ်းကို စတင်လိုက်ပါ။ ဆားငန်တဲ့ အစားအစာများကို ကြိုက်နှစ်သက်ရင်တောင်မှ ကျန်းမာရေးအတွက် ရှောင်နိုင်အောင် ကြိုးစားကြည့်ပါ။

 

ငါးစားပါ

အဆီပါတဲ့ ငါးအမျိုးအစားကို တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ်စားပေးပါ။ တူနာ၊ ဆယ်လ်မွန်၊ ဆာဒင်း စတဲ့ ငါးတွေမှာ Omega-3 Fatty Acid ကြွယ်ဝစွာပါဝင်ပါတယ်။ တူနာနဲ့ ဆာဒင်းတွေကို သင်အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။ Omega-3 Fatty Acid က နှလုံးကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပြီး ရောဂါအလွယ်တကူမဖြစ်အောင် ကာကွယ်နိုင်စွမ်း ရှိတာကြောင့် Omega-3 Fatty Acid ပါဝင်တဲ့ အစားအစာများကိုလည်း ရွေးချယ်စားသုံးပေးသင့်ပါတယ်။

 

စားသောက်မှု ပုံစံကို ပြောင်းလဲပါ

သင့်ရဲ့ စားသောက်မှု ပုံစံကိုလည်း ပြောင်းလဲမှု အနည်းငယ် ပြုလုပ်ရမှာဖြစ်ပါတယ်။ မလိုင်နဲ့နို့အစား အဆီထုတ်ထားတဲ့နို့ကို ပြောင်းသောက်ခြင်း၊ အသားလျှော့စားခြင်း၊ အစားအစာများကိုကြော်ချက်ပြီး စားမယ့်အစား ပြုတ်ပြီး၊ ပေါင်းပြီး၊ ကင်ပြီးစားခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။ အယ်လ်ကိုဟော ပမာဏကိုလည်း လျှော့ချလိုက်သင့်ပါတယ်။ သင်စားသုံးတော့မယ့် အစားအစာတွေက သင့်ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေနိုင် သလား၊ ကောင်းကျိုးဖြစ်စေနိုင်သလား ဆိုတာကို သေချာသိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သင်ဝယ်ယူတော့မယ့် အစားအစာတွေရဲ့ အညွှန်းကိုသေသေချာချာဖတ်ပါလို့ သတိပေးချင်ပါတယ်။

 

အိပ်ရေး ၀၀ အိပ်ပါ


အိပ်ရေးမ၀ခြင်းက သင့်ကို ထိုင်းမှိုင်းစေပြီး သမ်းဝေစေရုံသက်သက်လို့ ထင်ထားပါသလား။ ပြည့်ပြည့်၀၀ အိပ်စက်အနားယူမှု မရှိဘူးဆိုရင် ရေရှည်မှာ သင့်ရဲ့ ကျန်းမာရေးဆိုးဆိုးရွားရွား ချို့ယွင်းလာနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းမှ အ၀လွန်ခြင်း၊သွေးတိုး၊ Heart Attack (နှလုံးရပ်ခြင်း) ၊ဆီးချိုနဲ့ စိတ်ဖိစီးမှုလိုမျိုး ကျန်းမာရေး ပြဿနာကြီးကြီးမားမားတွေဆီသို့ ဦးတည်သွားနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတွေ လိုအပ်တဲ့ အိပ်ချိန်က ခုနစ်နာရီမှ ကိုးနာရီကြား ဖြစ်ပါတယ်။ မနက်စောစောမှာ နှိုးစက်ပေးစရာမလိုဘဲ နိုးလာပြီး လန်းဆန်းနေတယ်ဆိုရင် သင့်ပြည့်ပြည့်၀၀ အိပ်စက်ခဲ့ရ တယ်လို့ သတ်မှတ်လို့ရပါတယ်။ ထနေကျ အချိန်၊နှိုးစက်မြည်နေတာတောင်မှ အိပ်ရာကထဖို့ အပြင်းအထန် ကြိုးစားနေ ရရင် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

 

သင့်ရဲ့အိပ်စက်မှု အရည်အသွေးကလည်း နှလုံးကျန်းမာရေးအတွက် အလွန်ကို အရေးပါပါတယ်။ ဒါကြောင့် အိပ်ချိန်ကို အစီအစဉ်တကျ ဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ညစဉ်အိပ်ရာဝင်ချိန် နဲ့ မနက်အိပ်ရာထချိန်ကို ပုံမှန်ဖြစ်အောင် အလေ့အကျင့်ပြုလုပ်ပါ။ များသောအားဖြင့် မှောင်ပြီးတိတ်ဆိတ်တဲ့ အခန်းထဲမှာ လူတွေဟာ ပိုမိုနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ကြကြောင်း လေ့လာမှုတွေမှ တွေ့ရှိထားပါတယ်။

 

Source:myanmarpeoplemagazine

Health Products Directory

Read times
Rate this item
(0 votes)