What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 31 March 2020 09:55

ကိုရိုနာဗိုင်းရပ်စ် - လေယာဉ်စီး၊ ရထားစီးတာနဲ့ ရောဂါပိုးကူးနိုင်လား

90251442_832926683874316_4730726126572273664_n.png

 

ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ တကမ္ဘာလုံးကို ပြန့်နှံ့လာချိန်မှာ တချို့ အစိုးရတွေက သူ့နိုင်ငံသားတွေ၊ သူ့နိုင်ငံထဲ ပြင်ပက ဝင်လာသူတွေကို ခရီးသွားလာမှု ကန့်သတ်တားဆီးတာတွေ လုပ်လာနေပါတယ်။ ဒါက အစိုးရတွေ လုပ်တဲ့ အပိုင်းပါ။ တခါ တစ်ဦးတစ်ယောက်ချင်းစီကလည်း လမ်းထွက်ကြ ခရီးသွားကြတဲ့အခါ သူတို့နည်း သူတို့ဟန်နဲ့ အကာအကွယ် အတားအဆီးတွေ လုပ်လာကြပါတယ်။အခုလို ရောဂါပိုးက မမြင်ရဘဲ ပြန့်နေချိန်မှာ လေယာဉ်စီးတဲ့အခါ၊ သင်္ဘောစီးတဲ့အခါ၊ ဘတ်စ်ကား၊ မီးရထား စီးတဲ့အခါ အန္တရာယ်ကင်းရဲ့လားဆိုတဲ့ မေးခွန်းတွေကို ဘီဘီစီကို ပရိသတ်တွေက သိလိုရေးနဲ့ မေးလာကြတာတွေလည်း ရှိပါတယ်။

 

ရထားနဲ့ ဘတ်စ်ကားတွေ

ကိုရိုနာဗိုင်းရပ်စ်ဘယ်လို ပြန့်သလဲဆိုတာ အတိအကျ မသိရသေးပေမဲ့ သူနဲ့ အလားတူဗိုင်းရပ်စ်ပိုးတွေကတော့ ရောဂါပိုးကူးစက်ခံထားရသူ ချောင်းဆိုးရာက ဒါမှမဟုတ် နှာချေရာက ထွက်ကျလာတဲ့ အမှုန်အစက်တွေကို ရှူရှိုက်မိရင် ဖြစ်ဖြစ်၊ အဲဒီ အမှုန်အစက်တွေ ကျထား တင်ထားတဲ့ မျက်နှာပြင်တစ်ခုခုကို ထိမိကိုင်မိရာက ဖြစ်ဖြစ် ကူးစက်နိုင်ပါတယ်။

 

ပညာရှင်တွေကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ တခြားတုပ်ကွေးရောဂါပိုးအမှုန်မျိုးလို လေထဲမှာ အကြာကြီး ခိုအောင်းမနေနိုင်ဘူးလို့ ယူဆထားပါတယ်။ ဒါကြောင့် ပိုးရှိသူနဲ့ အနီးမှာ ရှိမှ ကူးစက်ခံရနိုင်ခြေရှိတယ်လို့ ယူဆကြပါတယ်။ ယူကေ ကျန်းမာရေးဌာနကတော့ အဲဒီလို အနီးကပ်ရှိဖို့အခြေအနေကို ရောဂါပိုးရှိသူနဲ့ နှစ်မီတာ (၆ ပေ) အတွင်းရှိပြီး အဲဒီလို နီးကပ်မိချိန်ဟာ ၁၅ မိနစ်ကျော် ကြာရလိမ့်မယ်လို့ သတ်မှတ်ထားပါတယ်။

 

ဒါကြောင့် ကားတွေ ရထားတွေပေါ်မှာ ကူးစက်ဖို့ဆိုရင် လူဘယ်လောက်များများနဲ့ အတူ ဘယ်လောက် နီးနီးကပ်ကပ်၊ ဆိုရရင် ဘယ်လောက် ကျပ်ကျပ်တည်းတည်း ရှိခဲ့သလဲဆိုတဲ့ အပေါ်မူတည်နိုင်ပါတယ်။ ဒါကြောင့် ကား ရထားတွေ ဘယ်လောက်ကျပ်သလဲဆိုတာကလည်း ဘယ်ခရီးလဲ ဘယ်လမ်းလဲ ဆိုတဲ့ အပေါ်လည်း တည်ပါလိမ့်မယ်။လန်ဒန် အောက်ရထားတွေမှာဆိုရင်တော့ တွဲတစ်စီးစီမှာ လူတွေက ပြည့်ကျပ်ပြွတ်သိပ်ပြီး စီးကြရတဲ့အတွက် မြေအောက်ရထားနဲ့ ခရီးသွားရသူတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာတွေ ရတတ်တာကို လေ့လာ သုတေသနပြုချက်တွေက တွေ့ရှိထားခဲ့ပါတယ်။

 

ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးသိပ္ပံက ဒေါက်တာ လာရာဂိုစီ ၂ဝ၁၈ ခုနှစ်တုန်းက လုပ်ခဲ့တဲ့ လေ့လာချက်အရ မြေအောက်ရထားကို ပုံမှန်စီးကြသူတွေဟာ တုပ်ကွေးရောဂါလို ရောဂါမျိုးတွေ ကူးစက်ခံရနိုင်ခြေပိုများတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ "ရထားလိုင်းတွေ အများကြီး မရောက်တဲ့ မြို့နယ်တွေမှာ နေကြပြီး မြေအောက်ရထားကို တစ်ခုက တစ်ခုပြောင်းစီးကြရသူတွေဟာ ရထားတစ်ကြောင်းတည်းနဲ့ လိုရာခရီးကို ရောက်ကြသူတွေထက် တုပ်ကွေးလို ရောဂါမျိုး ပိုကူးစက်ခံရတာ တွေ့ရတယ်" လို့ သူက ပြောပါတယ်။

 

ဒါပေမယ့် လူ သိပ်မပြည့်တဲ့ ရထားတွဲတို့ ဘတ်စ်ကားတို့နဲ့ သွားလာကြသူတွေအတွက်တော့ အန္တရာယ်က တမျိုး ဖြစ်ပါလိမ့်မယ်။ ဒါကလည်း ရထားတွဲတွေထဲမှာ လေဝင်လေထွက် ဘယ်လောက်ကောင်းသလဲ၊ ကိုယ်က တွဲထဲ ဘယ်လောက် ကြာကြာနေသလဲ ဆိုတဲ့ အပေါ်တွေမှာလည်း မူတည်ပါတယ်။ တွဲတွေ ဘယ်လောက် သန့်ရှင်းသလဲဆိုတာကလည်း အရေးကြီးပါတယ်။ လန်ဒန်က ရထားကုမ္ပဏီကြီး Network Rail ကတော့ အခုကာလမှာ တွဲတွေကို သန့်ရှင်းရေးပုံမှန်အတိုင်းလုပ်ပေးနေတယ်၊ လိုအပ်လာရင်တော့ ပိုပြီး တိုးလုပ်တာ၊ အထူးကျွမ်းကျင်သူတွေနဲ့ သန့်ရှင်းရေးလုပ်တာမျိုး အတွက် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

 

လန်ဒန်ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ကလည်း အခုကာလအတွင်း မြေအောက်ရထားနဲ့ ဘတ်စကားတွေမှာ ဆေးရုံသုံးအဆင့်ရှိတဲ့ သန့်ရှင်းရေး ပိုးသတ်ဆေးပစ္စည်းတွေ သုံးပြီး သန့်စင်ရေးလုပ်ငန်းတွေ တိုးမြှင့်လုပ်နေပါတယ်လို့ ကြေညာ ထားပါတယ်။ ရောဂါပိုးရှိထားတဲ့နေရာတွေ ကူးစက်ခံထားရသူတွေနဲ့ နီးနီးကပ်မရှိရအောင် ဘယ်လောက် ကိုယ်ကနေနိုင်ခဲ့သလဲ ဆိုတာကလည်း အကူးမခံရအောင်တားဆီးနိုင်ဖို့ အရေးကြီးတဲ့ အလုပ်တစ်ခုပဲလို့ ဒေါက်တာ ဂိုစီက ပြောပါတယ်။

 

ခရီးသွားတဲ့အခါ တတ်နိုင်ရင် ရုံးချိန်လို လူတွေ အများကြီးသွားကြတဲ့အချိန်မျိုးကို ရှောင်ပါ၊ နောက်ပြီး ဖြစ်နိုင်ရင် တစ်ကြောတည်းနဲ့ ရောက်တဲ့ ကား၊ ရထားတို့ကို စီးကြပါလို့ သူက အကြံပြုပါတယ်။ 

 

အခုအထိတော့ အများသူငါအသုံးပြုကြတဲ့ ကား ရထားတွေကို ရှောင်ဖို့ ယူကေမှာ အစိုးရက လူထုကို မပြောသေးပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ် ဒေးဗစ်နာဘာရိုကတော့ အများသူငါအသုံးပြုတဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေကို ရောဂါကာကွယ်ရေးအတွက် ဂရုစိုက်ကြည့်ကြတာ အရေးကြီးပါတယ်လို့ ဆိုပေမယ့် ခရီးသွားကြချိန်မှာ "ခဏတဖြုတ်လောက် ထိမိတိုက်မိ" တာတွေက "ရောဂါပြန့်ပွားကူးစက်တဲ့ အဓိက အကြောင်းရင်းကြီး" တစ်ခုတော့ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

 

လေယာဉ်ပေါ်မှာ

လေယာဉ်စီးရတဲ့အခါ လှောင်ပိတ်နေတဲ့ လေယာဉ်ကိုယ်ထည်အတွင်းခန်းထဲက လူတွေရှူထုတ်လိုက်တဲ့ လေတွေကိုပဲ ပြန်ရှုနေရလို့ မသန့်စင်တဲ့ လေတွေရှူရှိုက်ရပြီး ဖျားနာနိုင်တယ်လို့ အများက မှတ်ယူထားတတ်ကြပါတယ်။

 

တကယ်တမ်းကျတော့ လေယာဉ်ပေါ်က လေဟာ ကိုယ်အလုပ်လုပ်တဲ့ ရုံးခန်းထဲက လေထက်တောင်ပို သန့်နိုင်ပါတယ်။ ကား ရထားပေါ်က လေထက် ပိုသန့်တာကတော့ သေချာပါတယ်။

 

လူပြည့်နေတဲ့ လေယာဉ်တစ်စီးပေါ်မှာဆိုရင် စတုရန်းတစ်မီတာအတွင်း လူတွေရှိနေတဲ့ နှုန်းက သာမန်အနေအထားထက်ပိုများပါတယ်။ တစ်ခါ မရွှေ့မပြောင်းပဲ ထိုင်ရာမထနေနေရလို့ ရှူသွင်းရတဲ့ လေကလည်း ကိုယ့်အနားတဝိုက် ကိုယ့်ဆီကို ရောက်လာတဲ့ လေတွေပဲ ဖြစ်နေတတ်ပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် တကယ်တော့ လေယာဉ်ပေါ်မှာ လေကို အသစ်လဲပေးနေတဲ့ နှုန်းက အတော်မြန်ပါတယ်။


အမေရိကန်နိုင်ငံ ပါဒြူးတက္ကသိုလ်က ပါမောက္ခ ကွင်ယန်ချန်းဟာ လူစီးယာဉ်အမျိုးမျိုးထဲက လေထုအရည်အသွေးကို သုတေသနပြု လေ့လာနေသူပါ။ သူက လေယာဉ်ထဲမှာဆို လေထု တစ်ခုလုံးကို အမြဲတန်း ၂ မိနစ်က ၃ မိနစ်အတွင်း အားလုံးအသစ်လဲပေးနေပြီး လေအေးစက် အဲယားကွန်းတပ်ထားတဲ့ အဆောက်အဦမှာတော့ ၁၀ မိနစ်က ၁၂ မိနစ်အတွင်းမှာမှ လဲပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ လေယာဉ်ထဲမှာ ဆိုရင် ကိုယ်ရှူရှိုက်လိုက်တဲ့ လေကို လေယာဉ်မှာပါတဲ့ အဆင့်မြင့် လေသန့်စင်တဲ့ စနစ် (Hepa) က သန့်စင်ပေးပါတယ်။ ဒီစနစ်က သာမန် အဲယားကွန်း လေသန့်စင်စက်တွေ မစစ်ထုတ်နိုင်တဲ့ သေးငယ်တဲ့ အမှုန်အစက်တွေကို စစ်ထုတ်ပေးနိုင်ပြီး တချို့ ဗိုင်းရပ်စ်ပိုးတွေကိုတောင် သန့်စင် စစ်ထုတ်ပေးနိုင်ပါတယ်။

 

ဒီစနစ်မှာပါတဲ့ လေဆန်ခါတွေက လေယာဉ်အပြင်ဘက်က လေထုအသစ်ကို စုပ်သွင်းပေးပြီး လေယာဉ်ကိုယ်ထဲမှာ ရှိနှင့်ပြီးသား လေအဟောင်းနဲ့ ရောပေးပါတယ် ဒါကြောင့် ခရီးသည်တွေ ရှူသွင်းလိုက်တဲ့ လေဟာ တစ်ဝက်ကအသစ် တစ်ဝက်က အဟောင်းဖြစ်ပါတယ်။ သာမန်လေအေးစက်တွေကတော့ အခန်းထဲရှိနှင့်ပြီးသားလေကိုပဲ ပြန်ပြီး လှည့်ပတ်ပေးနေတာဖြစ်ပါတယ်။ သုံးရတဲ့ စွမ်းအင်ကို ချွေတာသက်သာအောင်ပါ။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်တဲ့ နည်းလမ်းက ရောဂါပိုရှိသူ နှာချေရာ ချောင်းဆိုးရာက ထွက်ကျလာတဲ့ အမှုန်အစက်တွေကို ရှူသွင်းမိရာကဖြစ်နိုင်သလို အဲဒီအမှုန် အစက်တွေက ကျနေတဲ့ မျက်နှာပြင်နေရာတစ်ခုခုကို ထိမိရာကလည်း ဖြစ်နိုင်ပါတယ်၊ လက်ချင်းထိတာဖြစ်စေ၊ တံခါးလက်ကိုင်ကို ထိမိ ကိုင်မိတာ ဖြစ်စေပေါ့။

 

အမေရိကန်ပြည်ထောင်စု အမ်မိုရီတက္ကသိုလ်က ဗစ်ကီဟာ့ဇ်ဘာ့ဂ်က ၂၀၁၈ ခုနှစ်အတွင်းက တာဝေးပျံလေယာဉ် ၁၀ စီးပေါ်မှာ ရှိတဲ့ မျက်နှာပြင်အသီးသီးက နမူနာတွေကို ယူပြီး စစ်ဆေးလေ့လာခဲ့ရာမှာ သူတွေ့ရတာတွေက သူလို ကိုယ်လို အိမ်ဧည့်ခန်းတစ်ခုမှာ တွေ့ရတာနဲ့ ဘာမှ ပိုမထူးခြားဘူးလို့ ဆိုပါတယ်။ လေယာဉ်ပေါ်မှာ တွေ့ရနိုင်တာတွေနဲ့ အိမ်မှာ၊ တခြား ခရီးသည်သယ်ပို့လုပ်ငန်းတွေမှာ တွေ့ရတတ်တဲ့ အခြေအနေတွေက အတူတူပါပဲလို့ သူက ပြောပါတယ်။

 

ဒါပေမယ့် ယာဉ်တစ်မျိုးမျိုးမှာ တွေ့ရတတ်တဲ့ ရှိနိုင်မယ်ဆိုတဲ့ အန္တရာယ်ဆိုတာတွေကို ယေဘုယျခြုံငုံပြောဖို့ကတော့ ခက်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အန္တရာယ်နည်းခြင်းများခြင်းဟာ တခြားသော အကြောင်းအမျိုးမျိုး အပေါ် မှာလည်း တည်မှီနေတတ်လို့ပါပဲ။ ဥပမာ ခရီးရှည်ပျံတဲ့ လေယာဉ်တွေပေါ် လိုက်ပါတဲ့ ခရီးသည်တွေဟာ နေရာကထပြီး ဟိုသွား ဒီသွားလုပ်တာမျိုး ပိုများတတ်တဲ့အတွက် သူတို့မှာ ဗိုင်းရပ်စ်ပိုးရှိနေခဲ့ရင်လည်း တခြား ခရီးသည်တွေကို ဆက်ဖြန့်နိုင်ခြေ ပိုပြီးတော့ များပါတယ်။

 

WHO ရဲ့ သတ်မှတ်ချက်အရတော့ ကူးစက်ခံရနိုင်ခြေ အများဆုံးရှိသူတွေက ရောဂါပိုးရှိသူထိုင်တဲ့ ခုံရဲ့ ရှေ့နှစ်တန်း၊ နောက်နှစ်တန်းနဲ့ ဘေးတိုက်ခုံမှာ ထိုင်သူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ၂၀၀၃ ခုနှစ် ဆားစ်ဗိုင်းရပ်စ် ကူးစက်မှု ဖြစ်တုန်းကတော့ လေယာဉ်တစ်စီးပေါ်ပါလာတဲ့ ရောဂါပိုးရှိသူတစ်ယောက်ဆီက ကူးစက်ခံခဲ့ရသူတွေထဲမှာ ၄၅ ရာခိုင်နှုန်း ဒါမှမဟုတ် တစ်ဝက်နီးပါးက အဲဒီလူထိုင်တဲ့ ခုံတန်းရဲ့ အနားနှစ်တန်း အကျော်က လူတွေဖြစ်နေခဲ့တာကိုလည်း တွေ့ရပါတယ်။


ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ဆိုရင်တော့ ကျန်းမာရေးဌာနတွေရဲ့ အကြံပြုချက်တွေကို လိုက်နာဖို့လိုပါမယ်။ လက်ကို အသေအချာဆေးပါ။ ကိုယ့်လက်နဲ့ ထိမိ ကိုင်မိမယ့်နေရာတွေကို သန့်စင်ပါ၊ ချောင်းဆိုး နှာချေမယ်ဆိုရင် တစ်ရှူးခံပြီး လုပ်ပါ။

 

လေကြောင်းခရီးသွားနဲ့ပတ်သက်ပြီး အဓိက စိုးရိမ်ချက်တွေကတော့ ရောဂါပိုးရှိနေသူ ဖြန့်နိုင်သူကို ကမ္ဘာ့တစ်နေရာကနေ နောက်တစ်နေရာကို သယ်ဆောင်ပေးသွားနိုင်တာပါပဲ။ အခုအထိတော့ တချို့အစိုးရတွေက ကိုယ့်နိုင်ငံထဲ အဝင်အထွက်လုပ်တဲ့ လေကြောင်းခရီးစဉ်တွေကို ရပ်ဆိုင်းထားတာတွေရှိပါတယ်။ လူတွေ လေယာဉ်နဲ့ ခရီးမသွားဖို့ ပိတ်ပင်တားမြစ်တာမျိုးတော့မရှိသေးပါဘူး။ တချို့ ရောဂါပိုးကူးစက်မှု မြင့်မားတဲ့နေရာတွေကို ရှောင်ကြဖို့ပဲ သတိပေးချက် ထုတ်ထားကြပါတယ်။

90165828_212716063139335_1462378197545910272_n.png

BBC Burmese

Read times
Rate this item
(0 votes)