What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 April 2020 09:58

အခုလိုအချိန်မှာ သင့်မျက်နှာကို လက်နဲ့ မထိတွေ့မိအောင် ဘယ်လို ထိန်းချုပ်မလဲ

90251442_832926683874316_4730726126572273664_n.png

 

ကိုဗစ်အတွက် ရှောင်ရန်တွေမှာ မျက်နှာကို လက် နဲ့ မကိုင်ဖို့ဟာ အဓိက အချက် ဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့ အမူအကျင့်မှာ ပျမ်းမျှအားဖြင့် တစ်နာရီအတွင်းမှာ ၂၃ ကြိမ် မျက်နှာကို လက်နဲ့ ထိတယ်။ မသိလိုက် မသိဘာသာဖြင့် ထိမိကိုင်မိတာဖြစ်တာမို့ သတိမမူမိကြဘူး။ လက်မှာ ပိုးရှိနေခဲ့ရင် ၂၃ ကြိမ် မျက်နှာကို အဲဒီလက်နဲ့ ထိတယ်ဆိုတာ ပိုးကူးခံရဖို့ သေချာနေပါပြီ။

 

လက်နဲ့ မျက်နှာကို မထိမိစေနဲ့ မကိုင်မိစေနဲ့ ဆိုတာ ပြောရတာ လွယ်ပြီး လိုက်နာဖို့ ခက်နေစေပါတယ်။ ဘယ်လို ရှောင်ရမလဲဆိုတာ ကြီးမားတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ Rice University မှ စိတ်ပညာသိပ္ပံ ပါမောက္ခ Jim Pomerantz ဦးဆောင်တဲ့ အဖွဲ့က စိတ်ပညာရှုထောင့်မှ နည်းလမ်းကို တင်ပြထားပါတယ်။

 

“အရင်တုန်းက ဘယ်လိုလဲ ရှင်းရှင်းလင်းလင်း မသိခဲ့တာ အခုတော့ လုံး၀ ရှင်းရှင်းလင်လင်း သိထားကြတာက အဲဒီ ဗိုင်းရပ်စ်က လူတွေရဲ့ အမူအကျင့်ကနေတစ်ဆင့် ကူးစက်ပျံ့နှံ့တာ ဖြစ်ပါတယ်” လို့ Pomerantz က ပြောပြခဲ့ပါတယ်။ “ပုံမှန်အားဖြင့် ကျွန်တော်တို့ လူချင်းစတွေ့တဲ့အခါ လက်ဆွဲနှုတ်ဆက်ကြတယ်။ လက်ကို သေသေချာချာ မဆေးဘူး။ အဲဒီလက်နဲ့ မျက်နှာကို ကိုင်တယ်။ ထိတယ်။

 

အဲဒီမှာ ရောဂါပိုး ကူးစက်တယ်။ ကူးစက်ခံလိုက်ရတာကို မသိကြတော့ လူတောသူတောထဲ သွားတယ်။ တခြားသူတွေကို ကူးစက်စေတယ်။ ရောဂါလက္ခဏာ ပြသဖို့က နှစ်ရက်ကနေ ၁၄ ရက်အထိ ကြာတယ်။ ဒီတော့ အစောကတည်းက မကူးအောင် ကာကွယ်ကြဖို့ လိုတယ်” လို့ သူက ဆက်ပြောပြတယ်။ လောလောဆယ်မှာ ကာကွယ်ဆေး တစ်မျိုးမှ ကိုဗစ်အတွက် မရှိသေးတဲ့အပြင် ရှိလာဖို့ကလည်း အချိန်အတော်ကြာဦးမှာ ဖြစ်လို့ Pomerantz က မျက်နှာကို လက်ဖြင့် မထိမိမကိုင်မိအောင် ဆင်ခြင်ဖို့ တိုက်တွန်းတယ်။ အဲဒီအမူအကျင့်ကို ချုပ်တည်းထားလိုက်ရုံဖြင့် ရောဂါကူးခံရဖို့ ဖြစ်နိုင်ခြေ အတော်နည်းသွားနိုင်တယ်လို့ သူက ပြောပြတယ်။

 

 

“ခင်ဗျားရဲ့ အိမ်နီးနားချင်းတစ်ယောက် သို့မဟုတ် ခင်ဗျားရဲ့ အဖွားက ခင်ဗျား တုပ်ကွေး ဖြစ်နေတဲ့အခါ ကြက်စွပ်ပြုတ်သောက်ဖို့၊ အားဖြည့်အာဟာရတွေ မှီဝဲဖို့ အကြံပေးတာကို လက်ခံခဲ့ကြတယ်။ အခု ကျွန်တော်တို့က သိပ္ပံနည်းကျ လေ့လာပြီး ရိုးရိုးရှင်းရှင်း အကြံပေးတာကိုလည်း လက်ခံစေချင်တယ်။ အဲဒီအမူအကျင့်ကို လျှော့ချနိုင်ဖို့ ဖျောက်နိုင်ဖို့ ထိရောက်တဲ့နည်းလမ်းကို အကြံပေးတာကိုလည်း လက်ခံလိုက်နာစေလိုပါတယ်” လို့ သူက တိုက်တွန်းတယ်။ 

 

Pomerantz နဲ့ အဖွဲ့သားတွေက စိတ်ပညာသိပ္ပံအရ အကြံပေးချက်တို့မှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။


သတိမူမိခြင်းကို တိုးမြှင့်ပါ။


အနီးအနားမှာ ရှိတဲ့သူကို မှာထားပါ။ သင်က မျက်နှာ၊ ဆံပင်စတာတွေကို လက်ဖြင့် ထိမိတိုင်း ထိပြန်ပြီ လို့ ပြောခိုင်းပါ။ တစ်ဦးနဲ့ တစ်ဦး စောင့်ကြည့်ပေးပြီး သတိမူမိအောင် လုပ်ကြပါ။ လက်မှာ လက်လှုပ်ရင် အသံမြည်တဲ့ လက်ကောက်တွေ ဝတ်ဆင်တာ၊ လက်ကို ရေမွှေးဆွတ်ထားတာ လုပ်ထားပါ။ မျက်နှာနားကို လက်ရောက်တဲ့အခါ အသံအားဖြင့်၊ ရနံ့အားဖြင့် သတိပေးမှာ ဖြစ်ပါတယ်။

 

တခြားသူတွေကို ကူညီပါ။

သင့်မျက်နှာကို လက်ဖြင့် မထိမိအောင် ဆင်ဆင်ခြင်ခြင် နေထိုင်တဲ့အပြင် သင့်မိတ်ဆွေတွေ မျက်နှာကို လက်ဖြင့် ထိမိတာတွေ့တိုင်း မထိဖို့ အကြံပြုပြောကြားပေးပါ။

 

လက်တွေကို မအားအောင် လုပ်ထားပါ။

လက်တွေကို ဆာဂျစ်ကယ်လက်အိတ်( ကွမ်းယာ ယာသူများ ဝတ်ဆင်တဲ့လက်အိတ်ဖြူ) ဝတ်ထားပါ။ လက်အိတ်နဲ့ မျက်နှာကို ထိမိရင် ချက်ချင်း သတိပြုမိစေတယ်။ လက်နဲ့ မျက်နှာကို ထိမိရင်ဖြစ်ဖြစ်၊ ထိမိခါနီးဖြစ်ဖြစ် ပြုမူမိတိုင်း အဲဒီလက်ကို တစ်မိနစ် လက်သီးကျစ်ကျစ်ဆုပ်ပြီး ဒဏ်ပေးပါ။

 

ဖြေလျော့လေ့ကျင့်ခန်းလုပ်ပါ။

ဒီလေ့ကျင့်ခန်းက အဆုပ်အတွက်လည်း ကောင်းတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ အသက်ကို တစ်ဝကြီး ဖြည်းဖြည်းချင်း ရှူသွင်းပါ။ ဖြည်းဖြည်းချင်း ရှူထုတ်ပါ။ စိတ်ထဲ အတိတ်နဲ့ အနာဂတ်တို့ကို တွေးမနေပါနဲ့။ လောလောဆယ် ကိုယ်ခန္ဓာမှာ အကြောတင်းနေတဲ့ ကြွက်သား ရှိသလား စိတ်ဖြင့် လိုက်ကြည့်ပါ။

 

Pomerantz က“ အဲဒီအချက်တွေက လူတစ်ယောက်ရဲ့ အပြုအမူ ပြောင်းလဲစေဖို့ လုပ်ပေးကြတယ်။ ဒီနည်းက အလုပ်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ စိတ်ပညာအရ သိထားတယ်။ လူတွေ လက်တွေ့ကျင့်သုံးကြည့်ရင် အလုပ်ဖြစ်တာကို ချက်ချင်း သိရလိမ့်မယ်” လို့ ရှင်းပြတယ်။

90165828_212716063139335_1462378197545910272_n.png

Ref; Rice University (News and Media Relations)

Read times
Rate this item
(1 Vote)