What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 11 April 2020 20:40

နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့် မြန်မာနိုင်ငံသားများအား တိုက်တွန်းချက်

COVID.png

 

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည်COVID-19 ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့် ပြည်ပမှလာရောက်သူများမှတစ်ဆင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို ကာကွယ် တားဆီးရေးအတွက် လည်းကောင်း၊ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု(Quarantine)ပြုလုပ်ရန် နေရာ ထိုင်ခင်းများ တိုးချဲ့ပြင်ဆင် ရေးအတွက် အချိန်လိုအပ်နေခြင်းကြောင့် လည်းကောင်း ပုံမှန်ပျံသန်းနေသော နိုင်ငံတကာ ခရီးသည်တင် လေယာဉ်ခရီးစဉ်များကို ရပ်ဆိုင်းထားခဲ့ပြီးထိုင်းနိုင်ငံတွင် ရောက်ရှိနေ သည့် မြန်မာနိုင်ငံသားများအနေဖြင့် နယ်စပ်ဂိတ်များမှတစ်ဆင့် ၁၅-၄-၂၀၂၀ ရက်နေ့နောက်ပိုင်း မှသာ ပြန်လည်ဝင်ရောက်ကြပါရန် ပန်ကြားထားခဲ့ပါသည်။

 

၂။ မြန်မာနိုင်ငံတွင် ၁၀-၄-၂၀၂၀ ရက်နေ့အထိ COVID-19 ရောဂါပိုး‌တွေ့ရှိသူ(၂၈)ဦးရှိလာပြီး၊ ရောဂါပိုး‌တွေ့ရှိသူအများစုမှာ ပြည်ပမှပြန်လာသူများနှင့် ၎င်းတို့နှင့် ထိတွေ့မှုရှိသဖြင့် ရောဂါပိုး ထပ်ဆင့်ကူးစက်ခံရသူများ ဖြစ်ကြကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် မြန်မာ နိုင်ငံတွင် ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများအနေဖြင့် တတ်နိုင် သမျှ အပြင်မထွက်ဘဲ နေအိမ်များတွင် နေထိုင်ကြရန်နှင့် မလိုအပ်သည့် ခရီးသွားလာမှုများ မပြုလုပ်ကြရန် ဒေသအလိုက် အာဏာပိုင်များကတိုက်တွန်းတားမြစ် ထားပြီး အဝေးပြေး ခရီးသည်တင် မော်တော်ယာဉ်လိုင်းအများစုသည်လည်း ရပ်နားထား ကြပါသည်။ နယ်စပ် ဂိတ်များမှတစ်ဆင့် ဝင်ရောက် လာသူများ မှာအလွန်များပြားလှသဖြင့် ထိန်းချုပ်ကန့်သတ် စောင့်ကြည့်မှု (Quarantine)ပြုလုပ်ရန် နေရာထိုင်ခင်းများ ထပ်မံတိုးချဲ့ပြင်ဆင်မှု များပြုလုပ် နေရဆဲဖြစ်ပါသည်။

 

၃။ ထိုင်းနိုင်ငံအနေဖြင့်လည်း ၂၆-၃-၂၀၂၀ရက်နေ့မှစတင်၍ ပြည်ဝင်ဗီဇာနှင့်နေထိုင်ခွင့် သက်တမ်းကုန်ဆုံးသူနိုင်ငံခြားသားများ အားလုံးကို ၃၀-၄-၂၀၂၀ ရက်နေ့အထိ ဗီဇာနှင့် နေထိုင်ခွင့် သက်တမ်းများကို အလိုအလျောက်တိုးမြှင့်ပေးမည်ဖြစ်ပြီး ရက်လွန်ဒဏ်ကြေး ကိုလည်း ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ကိုင်ဆောင် ထားသူများအားလည်း ထိုင်းနိုင်ငံအတွင်း ဆက်လက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်မှသာ(၇)ရက်အတွင်း ပြန်လည် ထွက်ခွာနိုင်ကြောင်း ထိုင်း နိုင်ငံအစိုးရက ကြေညာထားပါသည်။ ထို့အပြင် ထိုင်းနိုင်ငံတွင် ၂၆-၃-၂၀၂၀ ရက်နေ့မှ ၃၀-၄-၂၀၂၀ ရက်နေ့အထိအရေးပေါ်အခြေအနေအဖြစ် ကြေညာချက် ထုတ်ပြန် ထားပြီး၊ ၃-၄-၂၀၂၀ ရက်နေ့မှစတင်၍ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မီအချိန်ထိ ညမထွက်ရအမိန့်ကို လည်းထုတ်ပြန်ထားကာ နေအိမ်များအတွင်းတွင်သာနေထိုင်ကြပါရန်နှင့် ခရီးသွားလာမှုများ မပြုလုပ်ကြရန် တားမြစ်ထားပါသည်။

 

၄။ သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အိမ်ရှင်ထိုင်းနိုင်ငံ၏ ဥပဒေကို တိကျစွာလေးစားလိုက်နာလျက် ခရီးသွား လာမှုများ ရှောင်ရှား၍ မိမိတို့နေအိမ် အတွင်း၌သာ ဆက်လက်နေထိုင် ကြခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် ဝိုင်းဝန်း ကူညီ ကြပါရန်နှင့် နယ်စပ်ဂိတ်များမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် ရန် မဖြစ်မနေ လိုအပ်ပါက ထိုင်းနိုင်ငံမှ အရေးပေါ်အခြေအနေ ကြေညာ ထားသည့်ကာလ ကုန်ဆုံးမည့် ၃၀-၄-၂၀၂၀ ရက်နေ့နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

HPD.png

နိုင်ငံခြားရေးဝန်ကြီးဌာန

Read times
Rate this item
(0 votes)