ထိုင်းနိုင်ငံမှာ အသက်အငယ်ဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တလသားအရွယ် ကလေးငယ်ဟာ ဗိုင်းရပ်စ်နှိမ်နင်းဆေးဝါး လေးမျိုးစပ် ဆေးရည် သောက်ပြီးနောက် နေပြန်ကောင်းလာတယ်လို့ ကလေးကုဆရာဝန်တဦးက ဧပြီ ၂၂ ရက်မှာ ပြောပါတယ်။
ဘမ်ရာဆန်နာရာဒူရာ ကူးစက်ရောဂါဆေးရုံမှာ တလသား ယောကျာ်လေးကို ၁၀ ရက်ခန့် ဆေးတိုက်ခဲ့တယ်လို့ကလေးကုဆရာဝန် ဗီဆောင်းမူရာဆက်က ပြောပြပါတယ်။
ကလေးငယ်ကို နေ့စဉ်ရက်ဆက် ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး ဆေးတိုက်ပြီးနောက် ၃ ရက်ကနေ ၅ ရက်အတွင်း ကလေးငယ်တဖြည်းဖြည်း ပြန်ကျန်းမာလာတာကို X-rayကနေ ဖော်ပြတယ်လို့ ဆရာဝန် ဗီဆောင်းက ရှင်းပြပါတယ်။
တစ်နှစ်အောက် ကလေးငယ်တွေမှာ ဆေးဝါးဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ကုသရာမှာ အခက်အခဲတွေ ရှိပေမယ့် ကလေးငယ်တွေရဲ့ COVID-19 လက္ခဏာဟာ လူကြီးတွေလောက် မပြင်းထန်ဘူးလို့ ဆရာဝန် ဗီဆောင်းက ပြောပါတယ်။
ဧပြီ ၂၂ ရက်က ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်သူအသစ် ၁၅ ယောက် ရှိပြီး တစ်ယောက် ထပ်မံသေဆုံးခဲ့ပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံမှာ စုစုပေါင်း ကူးစက်သူ ၂၈၂၆ ယောက် ရှိလာပြီး သေဆုံးသူ ၄၉ ယောက် ဖြစ်လာတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
DVB Burmese