What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 29 October 2018 12:05

ကမ္ဘာ့သေဆုံးမှု အများဆုံး နံပါတ် (၇) နေရာ၌ ဆီးချိုသွေးချိုရောဂါ ရပ်တည်လာမည်

မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံများတွင် ဆီးချိုသွေးချိုရောဂါဖြစ်နှုန်း တစ်ရှိန်ထိုးမြင့်တက်နေခြင်းကြောင့်
လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့သေဆုံးမှု အများဆုံးရောဂါ နံပါတ် ၇ နေရာ၌ ရပ်တည်လာမည် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခန့်မှန်းထားသည်။
ဆီးချိုသွေးချိုရောဂါသည် ကူးစက်ခြင်းကြောင့် မဟုတ်သော ရောဂါများအနက် အဖြစ်များသော ရောဂါတစ်မျိုးဖြစ်ပြီး ၂၁ ရာစုနှစ်တွင် စိန်ခေါ်မှုအများဆုံး ရောဂါများအနက် တစ်ခုအပါအ၀င် ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်၌ ကမ္ဘာပေါ်တွင် ဆီးချိုသွေးချို ရောဂါရှိသူ စုစုပေါင်း ၄၂၂ သန်းခန့် ရှိသည်ဟု International Diabetes Federation (IDF) က ခန့်မှန်းထားပြီး ရောဂါဖြစ်သူ ဦးရေသည် အရွယ်ရောက်ပြီး လူဦးရေ၏ ၈ ဒသမ ၅ ရာ ခိုင်နှုန်းရှိကြောင်း တွေ့ရှိရပြီး မြန်မာနိုင်ငံ၏ ဆီးချိုသွေးချို ဖြစ်ပွားနှုန်းနှင့် ကူးစက်ခြင်းကြောင့်  မဟုတ်သောရောဂါများ ဖြစ်စေနိုင်သော အကြောင်းအချက်များ လေ့လာခြင်း စစ်တမ်းအရ အသက် ၂၅ နှစ်မှ ၆၄ နှစ်အတွင်း ရှိသူများကို လေ့လာရာ ဆီးချိုသွေးချိုရောဂါမှာ ၁၀ ရာခိုင်နှုန်းကျော်ရှိကြောင်း တွေ့ရှိခဲ့ရသည်။
“လက်ရှိ မြန်မာနိုင်ငံရဲ့ ဆီးချိုသွေးချို ဖြစ်နိုင်ခြေရှိတဲ့ အကြိုလူနာ ဦးရေက အမှန်တကယ် ရောဂါဖြစ်သူဦးရေထက် နှစ်ဆလောက် ပိုများနေတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ လူတွေရဲ့နေထိုင်စားသောက်မှု၊ လူနေမှုပုံစံ ပြောင်းလဲမှုတွေကြောင့် သွေးတိုး၊ ဆီးချိုသွေးချို၊ အ၀လွန်၊ နှလုံးသွေးကြောပိတ်၊ လေဖြတ်၊ ကင်ဆာရောဂါနဲ့ နာတာရှည် အဆုတ်ရောင် ရောဂါလို စတဲ့ကူးစက်ခြင်းကြောင့် မဟုတ်တဲ့ ရောဂါတွေ ဖြစ်ပွားနှုန်းက ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတင် မကဘူး။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာပါ တစ်နေ့တခြား တိုးပွားလာတယ်။ ဒီရောဂါတွေရဲ့ ဖြစ်ပွားမှုနှုန်းသာမက နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပွားမှုကလည်း သိသိသာသာကို တိုးလာပါတယ်” ဟု   ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေး စီမံချက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားမှုသည် လေ့လာချက်များအရ ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ယင်းပမာဏသည် ကမ္ဘာ့ဖြစ်ပွားမှုနှုန်း၊ ဒေသတွင်း ဖြစ်ပွားမှုနှုန်းထက် မြင့်မားလျက် ရှိနေသည်ကို တွေ့ရကြောင်း၊ လက်ရှိအချိန်တွင် သွေးတွင်း သကြားဓာတ်သည် ဆီးချိုသွေးချိုရောဂါဟု သတ်မှတ်လောက်အောင် မမြင့်သော်လည်း လူနေမှုပုံစံ မပြင်ပါက မကြာမီကာလတွင် ဆီးချိုသွေးချိုလည်း ဖြစ်လာမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဆီးချို သွေးချိုအကြို လူနာဦးရေသည် အခြားနိုင်ငံများထက် ပိုများနေကြောင်း၊ နိုင်ငံအများစုတွင် Prediabetes ဖြစ်ပွားမှုသည် ဆီးချိုသွေးချို လူနာဦးရေ၏ ထက်ဝက်မျှသာ ရှိသော်လည်း မြန်မာနိုင်ငံတွင် ဆီးချိုသွေးချို လူနာဦးရေထက် နှစ်ဆခန့် ဖြစ်နေကြောင်းနှင့် ဤစာရင်းဇယားအရ နောင်နှစ်အနည်း ငယ်တွင် ရောဂါဖြစ်ပွားမှုသည် တစ်ရှိန်ထိုး မြင့်မားနိုင်ခြေရှိနေကြောင်း သိရသည်။
အမျိုးသားများတွင် ရောဂါဖြစ်ပွားမှုမှာ ၉ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိပြီး အမျိုးသမီးများတွင် ၁၁ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ပွားနေကြောင်း၊ အမျိုးသားများတွင် ရောဂါဖြစ်ပွားမှုနှုန်းသည် ၂၅-၃၄ နှစ်အုပ်စုတွင် ၃ ဒသမ ၆ ရာခိုင်နှုန်းရှိရာ အသက်ကြီးရင့်သည်နှင့်အမျှ ဖြစ်နှုန်းမြင့်သွားရာ ၅၅-၆၄ နှစ်အုပ်စုတွင် ၁၉ ဒသမ ၅ ရာခိုင်နှုန်း အထိ မြင့်တက်လျက်ရှိကြောင်း၊ အမျိုးသမီးများတွင် ၂၅-၃၄ နှစ်အုပ်စုတွင် ၄ ဒသမ ၅ ရာခိုင်နှုန်း၊ ၅၅-၆၄ အုပ်စုတွင် ၂၃ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုကျော်မှစ၍ ဆီးချို သွေးချိုရောဂါ အပါအ၀င် အခြားမကူးစက်နိုင်သော ရောဂါများဖြစ်သည့် နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာ စသည့်ရောဂါများ ဖြစ်ပွားမှုမှာ မြင့်တက်လာပြီး အဓိကအားဖြင့် အစားသောက်နှင့် လူနေမှုပုံစံများ ပြောင်းလဲမှုကြောင့် ဖြစ်ကြောင်း၊ အ၀လွန်ခြင်းများလည်း များပြားလာရာ ယင်းနှင့် ဆက်နွှယ်သည့် နှလုံး၊ အသည်းအဆီဖုံးသည့် ရောဂါများ တွဲဖက်ဖြစ်ပွားလာသည်ကို သက်ငယ်ပိုင်းများတွင်ပါ တွေ့ရှိလာရကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံများတွင် လူဦးရေ ၃၈၂ သန်းခန့်မှာ ဆီးချိုသွေးချိုရောဂါ ခံစားနေရပြီး လူဦးရေ ၅ ဒသမ ၁ သန်းခန့်သည် ဆီးချိုသွေးချိုနှင့် နှီးနွှယ်ရောဂါများကြောင့် သေဆုံးခဲ့ရကြောင်းနှင့် ခြောက်စက္ကန့်တိုင်းတွင် လူတစ်ဦးနှုန်း ဆီးချိုရောဂါဖြင့် သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
 
Source:news-eleven.com
 

ပဋိဇီဝဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုး ၅ မျိုး

Read times Last modified on Monday, 29 October 2018 15:13
Rate this item
(1 Vote)